ဘူးသီးတောင် ကွန်တိုင် မောင်နှမတောင်ရွာနှင့် မောင်တော ရွာသစ်ကေရပ်ကွက် တို့မှ မီးဘေးသင့် မိသားစုများကို မြို့နယ် ထွေ/အုပ်က ငွေနှင့် ပစ္စည်းအချို့ ထောက်ပံ့
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်များတွင် ယခုတလော နေအိမ်များ မီးလောင်သွားသည့် မိသားစုများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။

မတ်လ (၂) ရက်နေ့ နေ့လည် ၃ နာရီတွင် ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကျေးရွာအုပ်စု မောင်နှမတောင်ရွာတွင် လူမနေတော့သည့် အိမ်အလွတ်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး၊ လူနေအိမ်သည့် ၁၈ လုံးနှင့် လူမနေတော့သည့် အိမ် ၁၈ လုံး - စုစုပေါင်း ၃၄ လုံး ပြာကျသွားခဲ့သည်။ 

ဘူးသီးတောင် ကွန်တိုင် မောင်နှမတောင်ရွာတွင် အိမ် ၃၄ လုံး မီးလောင်ပြာကျသွား

မတ်လ (၄) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများသည် မီးလောင်ပြင်ကို လာရောက်ကြည့်ရှုပြီးနောက် မီးဘေးသင့် - လူနေအိမ် ၁၈ လုံးမှ မိသားစုများကို ငွေနှင့် ပစ္စည်းအချို့ ထောက်ပံ့ပေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

“၄ ယောက်အောက်ရှိတဲ့ မိသားစုတွေကို ငွေကျပ် တစ်သိန်းတစ်သောင်းနဲ့ ၅ ယောက်အထက်ရှိတဲ့ မိသားစုတွေကို ငွေကျပ် တစ်သိန်းနှစ်သောင်း၊ အမျိုးသားဝတ် အထည်တစ်စုံနဲ့ အမျိုးသမီးဝတ် အထည်တစ်စုံ၊ ပန်းကန်၊ ရေခွက်၊ ဟင်းခွက်၊ ဇွန်း၊ ရေဖလား စတာတွေပါတဲ့ အထုပ်ငယ်တစ်ထုပ်စီ ပေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

အလားတူ မတ်လ (၄) ရက်နေ့တွင် မောင်တောမြို့နယ် ရွာသစ်ကေရပ်ကွက် (အမှတ် ၅ ရပ်ကွက်) ၌ နေအိမ် ငါးလုံး မီးလောင် ပြာကျသွားပြီး၊ မီးဘေးသင့် မိသားစုများကို မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်ပြီး မိသားစုတစ်စုလျှင် ငွေကျပ် တစ်သိန်းစီနှင့် အထုပ်ငယ်တစ်ထုပ်စီ ထောက်ပံ့ခဲ့သည်။

မောင်တော ရွာသစ်ကေရပ်ကွက်တွင် နေအိမ် ၅ လုံး မီးလောင်ပြာကျ

ဦးအဒူမူနာဖ်၏ နေအိမ်တွင် ၎င်း၏ ညီအစ်ကို မိသားစု ၅ စု နေထိုင်လျက်ရှိရာ မိသားစု ၄ စု အထောက်အပံ့ ရရှိခဲ့ပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ရန် ပျက်ကွက်ခဲ့သည့် မိသားစုတစ်စု မရရှိခဲ့ကြောင်း သိရသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ