လူသတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဓားပြတိုက်ခြင်း တို့ ပြုလုပ်လျက်ရှိသော ဓားပြအဖွဲ့၊ မူးယစ်ဘုရင်များကို စစ်ကောင်စီရဲ့ နယ်ခြားစောင့်ရဲတွေက မွေးစားထားတာလား?
မောင်လှသိန် (မောင်တော) Rohingya Today

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပန်းတောပြင်ကျေးရွာတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်ရှိနေသည့်ကြားက ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ပန်းတောပြင်ရွာသားတစ်ဦး သေနတ်ပစ်ခံခဲ့ရသည်။ ပစ်ခတ်ခံရသူ ပွဲချင်းပြီးသေဆုံးသွားခဲ့သည့်အပြင် အခြားနှစ်ဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ 

သေနတ်ပစ်ခံရ၍ သေဆုံးသွားသူမှာ ပန်းတောပြင်ကျေးရွာမှ ကျေးရွာတာဝန်ခံဖြစ်သူ မူဟီးဘူရာမာန် (ခေါ်) ဦးတင်ရွှေ ( အသက် ၄၅ နှစ်ခန့်) ဖြစ်ပြီး၊ ဒဏ်ရာအပြင်းအထန်ရရှိသွားသူ နှစ်ဦးမှာ သေဆုံးသူ၏ညီဖြစ်သူ အဗ်ဒူမူနာဖ် (အသက် ၂၈ နှစ်ခန့်) နှင့် ဝမ်းကွဲညီတော်စပ်သူ ရှားဘူးလ် (အသက် ၂၈ နှစ်ခန့်) တို့ ဖြစ်ကြသည်။ ပြန်ပြေးဆွဲနေသည်ကို မလိုက်နိုင်ဟု ပြန်ပြောခြင်းမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ဓားပြအဖွဲ့က သေနတ်နှင့်ပစ်ခတ် ဓားဖြင့်ခုတ်သောကြောင့် ယခုကဲ့သို့သေဆုံး၊ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ပြောပါသည်။ 

ဓားပြတိုက်မှုဖြစ်ပွားသည့် ဖြစ်စဉ်

လူ ၈ ဦးခန့်ပါဝင်မည်ဟု ခန့်မှန်းရသည့် ဓားပြအဖွဲ့သည် စက်တင်ဘာလ ၂ ရက်နေ့၊ ည ၁၂ နာရီခွဲခန့်အချိန်တွင် သေနတ်၊  ဓားများ ကိုင်ဆောင်ကာ ဦးမူဟီးဘူရာမာန် အိမ်သို့ဝင်လာခဲ့ပါသည်။ ၎င်း၏အိမ်သည် တိုက်အိမ်ဖြစ်၍ ခိုင်ခန့်ပါသည်။ အချိန်အတော်ကြာကြာအထိ အိမ်တံခါးဖွင့်မပေးဘဲ အိမ်ရှင်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာယာတူလ္လာထံ ဖုန်းဆက်အကြောင်းကြားသည်။ ထိုအချိန်၌ ဓားပြအဖွဲ့က ပြတင်းပေါက်ကိုဖျက်ဆီး၍ အိမ်ထဲဝင်သည်။ အိမ်ထဲရှိသမျှ ရွှေငွေများကို သိမ်းယူ၍ အိမ်ရှင်ဖြစ်သူ မူဟီးဘူရာမာန်ကိုလည်း သူတို့နဲ့အတူလိုက်ရန် ခေါ်သည်။ မူဟီးဘူရာမာန်က မလိုက်နိုင်ဟု ပြန်ပြောသောကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းသည်။ ဓားပြအဖွဲ့က မူဟီးဘူရာမာန်ကို သေနတ်ဖြင့်တစ်ချက်ပစ်စဉ် ၎င်း၏ညီဖြစ်သူနှစ်ဦးက ဓားပြအဖွဲ့ကို ပြန်လှန်ခုခံရန် ပြင်ဆင်သောကြောင့် ဓားပြအဖွဲ့က ဓားဖြင့် ရက်ရက်စက်စက် ခုတ်သည်ဟု သိရသည်။ 

မူဟီးဘူရာမာန်သည် ဘယ်ဘက်ရင်ဘတ်အောက်မှ သေနတ်ကျည်ဝင်ပြီး နောက်ကျောမှ ဖောက်ထွက်သွားသည့် ဒဏ်ရာဖြင့် ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ဒဏ်ရာရရှိသွားသူနှစ်ဦးအနက် အဗ်ဒူမူနဖ်၏ ဦးခေါင်း၊ ညာဘက်ဒူးဆစ်၊ ဘယ်ဘက်ဒူးဆစ်နှင့် ဘယ်ဘက်လက်မောင်းတို့တွင် ဓားခုတ်ဒဏ်ရာအများအပြားရရှိခဲ့ပြီး၊ ရှားဘူလ်မှာမူ ဦးခေါင်းတွင် ၃ ချက်ချုပ်လိုက်ရသည်ဟု ဆေးရုံဝန်ထမ်းတစ်ဦးက ပြောပါသည်။ ၎င်းတို့နှစ်ဦးကို နံနက်၂ နာရီခန့်အချိန်တွင် မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာယာတူလ္လာက ဦးမူဟီးဘူရာမာန်ညီထံမှ  သတင်းရရချင်း မိမိကျေးရွာရှိ မူလွန်ကျောင်း၌ ရှိနေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့သည်။ သို့ရာတွင် နယ်ခြားစောင့်ရဲတို့သည် အခင်းဖြစ်ပွားရာသို့ အခုအချိန်၌ သွားနိုင်မည်မဟုတ်ကြောင်း၊ နံနက် ၂ နာရီအချိန်ကျမှသာ သွားရောက်နိုင်မည်ဖြစ်ကြောင်း ပြန်လည်၍ အကြောင်းပြန်ခဲ့သည်။

ဓားပြအဖွဲ့နှင့် အိမ်ရှင်တို့ အပြန်အလှန် အခင်းဖြစ်ပွားနေချိန်တွင် အနီးအနား ပတ်ဝန်းကျင်မှ ရွာသားများ သွားရောက်ကူညီရန် ကြိုးစားခဲ့သော်လည်း ကျောင်း၌ရှိနေသည့် နယ်ခြားစောင့်ရဲများက ''ဓားပြအဖွဲ့ရှိရာသို့ သွားနေသူမှန်သမျှကို သေနတ်ဖြင့်ပစ်ခတ်မည်'' ဟု ခြိမ်းခြောက် ပြောဆို၍ ရွာသားများကို ဟန့်ထားခဲ့သည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရှိနေသည့် မူလွန်ကျောင်းသည် ဦးမူဟီးဘူရာမာန်၏အိမ်နှင့် မလှမ်းမကမ်း (ပေ ၅၀ ခန့်အကွာ) မှာပင် ဖြစ်သည်။ ရွာမြောက်ဘက် ဖာလုံဝက်ခန့်အကွာတွင် ပန်းတောပြင်တံတားအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းလည်းရှိသည်။ ဤကဲ့သို့ အနေအထားမျိုးတွင် ဓားပြအဖွဲ့ကို လိုက်လံဖမ်းမည်ဆိုလျှင် အသေအချာပင် ဖမ်းနိုင်မည်ဖြစ်သော်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဓားပြအဖွဲ့ကို စိတ်တိုင်းကျ လုပ်ပေးခွင့်ပေးခဲ့သည်။ ဓားပြတိုက်ခံရမှုကို သွားရောက်အကာအကွယ်ပေးချင်နေသည့် ရွာသားများကိုလည်း လုံးဝသွားခွင့်မပေးခဲ့ပေ။

နယ်ခြားစောင့်ရဲတပ်ဖွဲ့သည် စက်တင်ဘာလ ၁ ရက်နေ့တွင် ပန်းတောပြင်ကျေးရွာသို့ ရောက်ရှိလာပြီး ရွာထဲရှိ စာသင်ကျောင်းတွင် အခြေချနေခဲ့သည်။ ပန်းတောပြင်ကျေးရွာနှင့် ပန်းတောပြင်ကျေးရွာ၏ ကပ်လျက်ရွာဖြစ်သော ညောင်ချောင်းကျေးရွာသားများကို ည ၇ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရန် (ညမထွက်ရအမိန့်) ကို  ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့် ထုတ်ပြန်ခဲ့သည်။

ဤသည်ကို ထောက်ရှုလျှင် ဓားပြအဖွဲ့သည် ဒေသလက်နက်ကိုင်အာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းမှု ရှိနေသည်မှာ ထင်ရှားနေပါသည်။ ဓားပြအဖွဲ့ ဓားပြတိုက်ခြင်း လွယ်ကူစေရန် အဆိုပါ နယ်ခြားစောင့်အဖွဲ့က လမ်းခင်းပေးထားသကဲ့သို့ ဖြစ်နေသည်။

ဓားပြအဖွဲ့သည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် မောင်တောတောင်ပိုင်း အခြေစိုက် အဒူလာကိမ်း ခေါင်းဆောင်သော ဓားပြအဖွဲ့ဖြစ်သည်။ သူသည် လွန်ခဲ့သော ဆယ်နှစ်ခန့်အရင်ကတည်းက အခုလို ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ ငွေညှစ်မှုတို့ကို ကျူးလွန်လာခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်က မောင်တောမြို့နယ် မကျည်းချောင်းနယ်မြေအုပ်စုရှိ ပဒင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးရှော်ဘီကိုလည်း ထိုအဖွဲ့က ခေါ်ဆောင်သွားခဲ့ပြီး စက်တင်ဘာလ (၂) ရက်နေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ လွန်ခဲ့သော ၃ လခန့်ကလည်း အဆိုပါအဖွဲ့သည် ကညင်းတန်းရပ်ကွက်မှ သားအဖ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ငွေကြေးများစွာယူ၍ နှစ်ပတ်အကြာမှ ပြန်လွှတ်ပေးခဲ့သည်။ 

ဒေသအာဏာပိုင်များသည် အဆိုပါဓားပြအဖွဲ့ကို ဖမ်းဆီးအရေးယူရန် မည်သည့်အခါမှ စိတ်ဝင်စားဟန်မပြခဲ့ပါ။ ဓားပြတိုက်မှုဖြစ်စဉ်များကို အာဏာပိုင်များထံ သွားရောက် တိုင်တန်းသည့်အခါလည်း အာဏာပိုင်များက ''မင်းတို့လူမျိုးက မင်းတို့လူမျိုးကို လုပ်နေတာလေ။ ငါတို့အပူလား။'' ဟူ၍ ပြန်ဖြေတတ်သည်။ 

ဓားပြအဖွဲ့သည် မောင်တောမြို့နယ်မှ မူးယစ်ဆေးဝါးရောင်းဝယ်သည့် မူးယစ်ဘုရင် သူဌေးအချို့နှင့်လည်း ပူးပေါင်းမှုရှိကြောင်း၊ ထိုမူးယစ်ဘုရင်တို့၏ ပစ္စည်းထုပ်များကို ထိုဓားပြအဖွဲ့က အခကြေးငွေသိန်းရာချီယူ၍ မောင်တောမှ ဘင်္ဂလားဒေရှေ့်နိုင်ငံသို့ သယ်ယူပို့ဆောင်ပေးကြောင်းလည်း သတင်းရင်းမြစ်များက ဆိုကြသည်။ 

စက်တင်ဘာလ ၂ ရက်နေ့တွင် ဘင်္ဂလာဒေ့ရ်ှမှ ဝင်လာသူ ၂ ဦးကို ကျီးကျွန်း (ဒေသအခေါ် တူတာဒီယာ) တွင် လက်လုပ်သေနတ်များနှင့်အတူ ဖမ်းဆီးခဲ့သည်။ ၎င်းတို့အဖွဲ့သည်လည်း မောင်တောမြို့နယ်မှ မူးယစ်ဘုရင်တစ်ဦး၏ WY အထုပ်များ သယ်ရန် လာနေသူများဖြစ်သည်ဟု မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ခြေရာခံနေသည့် သတင်းရစ်မြစ်တစ်ခုက ဆိုသည်။ ၎င်းတို့သည်လည်း အဒူလာကိမ်း ဦးဆောင်သော ဓားပြအဖွဲ့နှင့် ဆယ်နွယ်မှုရှိပြီး၊ တစ်ဖွဲ့တည်းလည်း ဖြစ်နိုင်သည်ဟု အဆိုပါရင်းမြစ်က ဆိုပါသည်။ မည်သို့မည်ပုံ ဆက်စပ်မှုရှိနေသည်ကို Rohingya Today က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ (မူးယစ်ဘုရင်၏ အမည်နာမနှင့်တကွ တိတိကျကျ ဖော်ပြနိုင်အောင် Rohingya Today က စုံစမ်းလျက်ရှိသည်)

ဒေသအာဏာပိုင်များသည် ထိုမူးယစ်ဘုရင်ထံက လစဉ် ကြီးမားသောငွေပမာဏကို ဆက်ကြေးအဖြစ် ကောက်ခံလျက်ရှိပြီး ထိထိရောက်ရောက် အရေးယူခြင်း မရှိသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ