ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု သိန်တောင်ကျေးရွာရှိ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ကြီးက ကျောင်သား/သူ များမှ ကျောင်းဝင်ကြေးကောက်ခံ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ၂၀၂၁ ခုနှစ် မေလ (၂၄) ရက်နေ့မှ စ၍ မြန်မာတစ်နိုင်ငံလုံးတွင် ကျောင်းများဖွင့်လှစ်မည်ဟု ကြေညာပြီးနောက် ကျောင်းသား/သူများ အချို့ ကျောင်းအပ်နှံလျက်ရှိသည်။ အခမဲ့ပညာရေးစနစ်ဟု ကြေညာခဲ့သောကြောင့် မည်သည့်ကျောင်းမှ ကျောင်းဝင်ကြေး ကောက်ခံခြင်းမရှိသည့်အပြင် ကျောင်းသားများကို ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ Face Shield, Mask စသည်များလည်း ပေးဝေလျက်ရှိသည်။  

သို့သော် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု သိန်တောင်ကျေးရွာရှိ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်လှိုင်က ကျောင်းဝင်ကြေး ကောက်ခံလျက်ရှိသည်။ ဒေါ်မြတ်မြတ်လှိုင်က အဋ္ဌမတန်း ကျောင်းသားတစ်ဦးလျှင် ငွေ ၈၀၀၀ ကျပ်၊ သတ္တမတန်းကျောင်းသားတစ်ဦးလျှင် ၇၀၀၀ ကျပ်၊ ဆဋ္ဌမတန်း (စနစ်သစ်) ကျောင်းသားတစ်ဦးလျှင် ၁၅၀၀၀ ကျပ်၊ စတုတ္ထတန်းနှင့် တတိယတန်းကျောင်းသားတစ်ဦးလျှင် ၅၀၀၀ ကျပ်၊ ဒုတိယတန်း၊ ပထမတန်း၊သူငယ်တန်း (KG) ကျောင်းသားတစ်ဦးလျှင် ၃၀၀၀ ကျပ် စသည်ဖြင့်ကောက်ခံနေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

စနစ်ဟောင်းပညာရေးတွင် သူငယ်တန်းကို grade 1 ဟု သတ်မှတ်ထားသဖြင့် စတုတ္ထတန်း ဆိုလျှင် grade 5 ဖြစ်သည်။ စနစ်သစ်တွင်မူ သူငယ်တန်းကို grade မသတ်မှတ်ပဲ KG ဟုသတ်မှတ်ထားသည်။ စနစ်ဟောင်း စတုတ္ထတန်း grade 5 အောင်လျှင် စနစ်သစ် grade 6 ဆဋ္ဌမတန်းသို့ တက်ရသည်။ မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ တက်ရောက်ရသည့်အတွက် TC လိုသည်ဟုဆိုကာ TC ခ ၁၀၀၀၀ ကျပ်နှင့် ကျောင်းဝင်ကြေး ၅၀၀၀ ကျပ် ဟူ၍ ဆဋ္ဌမတန်းမှ ၁၅၀၀၀ ကျပ်စီကောက်ခံနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ကျောင်းတစ်ကျောင်းမှ အခြားကျောင်းတစ်ကျောင်းသို့ပြောင်းဝင်မှသာ TC လိုအပ်သည်။ တစ်ကျောင်းထဲတွင်ဆက်လက်သင်လျှင် TC မလိုအပ်ပေ။ ဆရာမကြီး ဒေါ်မြတ်မြတ်လှိုင်က တစ်ကျောင်းထဲတွင်ပင် စတုတ္ထတန်းအောင်၍ ဆဋ္ဌမတန်းတက်ရာတွင် TC လိုသည်ဟုဆိုကာ အတင်းအဓမ္မ ကောက်ခံနေခြင်း ဖြစ်သည်။ 

သိန်တောင်ကျေးရွာရှိ အလယ်တန်းကျောင်းခွဲတွင် ကျောင်းသား ၉၀၀ ယောက်ခန့်ရှိရာမှ ယခုဆိုလျှင် ၅၀၀ ခန့် ကျောင်းအပ်ပြီးပြီဖြစ်သည်။ ကျောင်းသားမိဘအချို့က အခြားကျောင်းများတွင် ငွေကောက်ခံခြင်းမျိုးမရှိကြောင်း၊ ဤကျောင်းတွင် အဘယ့်ကြောင့် ငွေပေးရတာလဲဟုမေးမြန်းရာ ဆရာမကြီးက "ကျောင်းမှာ ရေတိုင်ကီတစ်လုံးလိုတယ်၊ ရေတိုင်ကီခနှင့် ဆရာမကြီးအတွက် လမ်းစရိတ် ကောက်ခံတာ" ဟုပြောဆိုခဲ့သည်။

ဆရာမကြီးဒေါ်မြတ်မြတ်လှိုင်သည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင်လည်း အဋ္ဌမတန်းအောင်သောကျောင်းသားတစ်ယောက်မှ TC ခ ၂၅၀၀၀ ကျပ်စီကောက်ခံခဲ့သည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အဋ္ဌမတန်းအောင်ကျောင်းသားများကို TC ထုတ်ပေးခြင်းမရှိဘဲ ဆရာမကြီး ကိုယ်တိုင်သွား၍ ကျောင်းအပ်မည်ဟုဆိုကာ ကျောင်းသား ၂၅ ဦးထံမှာ တစ်ဦးလျှင် ငွေ ၉၀၀၀၀ ကျပ်စီ ကောက်ခံခဲ့သည်။ Covid-19 ကြောင့် ကျောင်းပိတ်ထားရသောကြောင့် ပညာသင်နှစ်တစ်နှစ်ဆုံးရှုံးရသည့်အပြင် ငွေ ၉၀၀၀၀ ကျပ်စီ လည်း ဆုံးရှုံးခံရသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ