တရားမျှတမှု မပါသည့် ဒီမိုကရက်တစ် မြန်မာနိုင်ငံဆိုသည်မှာ လုံးဝ မဖြစ်နိုင်ကြောင်း မီးမောင်းထိုးပြသည့် ရှင်းလင်းတင်ပြချက်
BROUK

မြန်မာ ရိုဟင်ဂျာအသင်း ယူကေမှ သတင်းမီဒီယာများသို့ သတင်း ထုတ်ပြန်ချက်

၂၀၂၁ခုနှစ်၊ မေလ၁၂ရက်နေ့တွင် ချက်ချင်း ထုတ်ပြန်ရန် 

တရားမျှတမှု မပါသည့် ဒီမိုကရက်တစ် မြန်မာနိုင်ငံဆိုသည်မှာ လုံးဝ မဖြစ်နိုင်ကြောင်း မီးမောင်းထိုးပြသည့် ရှင်းလင်းတင်ပြချက်

မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) မှ မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများသည် ရက်စက်စွာ ကျူးလွန်ထား သော ရာဇဝတ်မှုများအတွက် တရားမျှတမှုကို စစ်အာဏာသိမ်းမှု နောက်ပိုင်း ဒီမိုကရေစီ ပြန်လည်ရရှိရန် ကြိုးစားအားထုတ်မှုများအားလုံး၏ ဗဟိုအဖြစ် ထားရမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ 

ယနေ့ထုတ်သည့် သတင်းထုတ်ပြန်ချက်တစ်ခုတွင် မြန်မာရိုဟင်ဂျာအသင်းယူကေမှ အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲများ အခြေအနေတွင်သာမက ယခင်နှစ်များ အတွင်းပါ တပ်မတော် (စစ်တပ်) မှ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုအပေါ် ရက်စက် ကြမ်းကြုတ်သော အကြမ်းဖက်မှုအတွက် နိုင်ငံတကာ တရားမျှတမှု ရရှိရေး ဆောင်ရွက်ရန် လုပ်နိုင်သော လမ်းကြောင်းများကို ချပြထားသည်။ သတင်း ထုတ်ပြန်ချက်တွင် NUG အား ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ အပါအဝင် ထိုသို့သော နိုင်ငံတကာ တရားမျှတမှု ရရှိရေး ကြိုးစားအားထုတ်မှုများကို ထောက်ခံကြောင်း ရှင်းလင်းစွာနှင့် အများပြည်သူသိရှိရန် ထုတ်ပြန်ကြေညာ သင့်ကြောင်း တိုက်တွန်းထားသည်။ 

မြန်မာရိုဟင်ဂျာအသင်းယူကေ၏ ဥက္ကဋ္ဌ ကိုထွန်းခင်မှ “တရားမျှတမှုဆိုတာ မြန်မာ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု သံသရာကို ချိုးဖျက်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။ တပ်မတော်က အရင်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်တုန်းကမှ တာဝန်ခံစေခဲ့တာ မရှိတာကြောင့် တပ်မတော်က အခုလို အရှက်မရှိ မျက်နှာပြောင်ပြောင် စစ်အာဏာသိမ်းမှုကို စတင်ဖို့ လုပ်ပိုင်ခွင့်ရှိသလို လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါတွေကို အခု အဆုံးသတ်ရမယ်” ဟု ပြောကြားခဲ့သည်။ 

“NUG က နိုင်ငံတကာ ထောက်ခံမှုနဲ့ နိုင်ငံတကာ တရားမျှတမှုရရေး ကြိုးစား အားထုတ်မှုများ အတွက် အပြည့်အဝ ထောက်ခံကြောင်း ကြေညာပြီး လူ့အခွင့် အရေးများကို ကတိကဝတ်ပြုကြောင်း ပြသနိုင်မယ့် ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရပါမယ်။ မြန်မာနိုင်ငံမှ ပြည်သူများအားလုံးက လူမျိုးမရွေး၊ ဘာသာမရွေး၊ နိုင်ငံရေး မရွေး ကျူးလွန်သူတွေ တာဝန်ခံစေတာကို မြင်ရထိုက်ပါတယ်။ ဒီလို တရား မျှတမှု မပါဘဲ စစ်မှန်တဲ့ ပါဝင်မှုရှိသော ဒီမိုကရေစီဆိုတာ မဖြစ်နိုင်ပါဘူး။”

ဖေဖေါ်ဝါရီလ (၁) ရက် အာဏာသိမ်းသည်မှစ၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးများဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူနှင့် အခြား ကျွမ်းကျင် ပညာရှင်များမှ တပ်မတော်အား ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများနှင့် အခြားပုဂ္ဂိုလ် များအား သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် တစ်ဖက်သတ် ဖမ်းဆီး ချုပ်နှောင် ခြင်းအားဖြင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲထား ကြသည်။ 

ဤပြစ်မှုများသည် ဆယ်စုနှစ်များစွာ ကြာအောင် မြန်မာနိုင်ငံအတွင်း တပ်မတော်၏ ရက်စက် ကြမ်းကြုတ်သော အကြမ်းဖက်မှုနှင့် နှိပ်စက်မှု သမိုင်းမှတ်တမ်းကို ထပ်တိုး သွားစေသည်။ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်များ အပါအဝင် တိုင်းရင်းသား ဒေသ များတွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသော ရာဇဝတ်မှု များကို လူ့အခွင့်အရေး အုပ်စုများမှ ခိုင်မာစွာ မှတ်တမ်းတင်ထားကြသည်။ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် စစ်တပ်နှင့် အပေါင်းအပါများသည် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်ပေါ်စေသည့် အကြမ်းဖက်မှု များကိုလည်း ကျူးလွန်ခဲ့ကြသည်။ 

မကြာသေးမီ နှစ်များအတွင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) နှင့် အပြည် ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့အပါအဝင် နိုင်ငံတကာ တရားမျှတမှုရရေး ကြိုးစား အားထုတ်မှုများနောက်တွင် အရှိန်မြင့်တက်လာပေသည်။ မြန်မာ ရိုဟင်ဂျာ အသင်း ယူကေ ၏ ယနေ့ သတင်းထုတ်ပြန်ချက်သည် ဧပြီလတွင် ဖွဲ့စည်းခဲ့သော NUG သည် ဤကြိုးစားအားထုတ်မှုများကို မည်သို့ ခိုင်လုံစွာ ထောက်ခံနိုင်ကြောင်း ထောက် ပြထားပါသည် -

• အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) - NUG သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ တွင် ICC မှ စတင်ခဲ့သည့် ရက်စက်ယုတ်မာသော ရာဇဝတ်မှု များအား စုံစမ်း စစ်ဆေးမှုကို ထောက်ခံကြောင်း သာမက ICC ၏ ရောမဥပဒေ ပြဋ္ဌာန်းချက် များကို ဖြစ်နိုင်သမျှ အမြန်ဆုံး သဘောတူ လက်မှတ်ထိုးရန် ရည်ရွယ်ချက်ကိုပါ အများပြည်သူများ သိရှိအောင် ကတိပြုသင့်သည်။ ထိုမျှမက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များမှ  မြန်မာနိုင်ငံတလွှား စစ်တပ်ကျူးလွန် နေသော ပြစ်မှုအမျိုးမျိုးကို ပြည့်စုံသော စုံစမ်းစစ်ဆေးမှုတစ်ခု သေချာစွာ လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံ၏ အခြေအနေကို ICC သို့ လွှဲပေးရန်လည်း လူသိရှင်ကြား တောင်းဆိုသင့်သည်။ 

• အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)  - ထိုနည်းတူစွာ NUG သည် ၂၀၁၉ ခုနှစ် တွင် ဂမ်ဘီးယားနိုင်ငံမှ မြန်မာနိုင်ငံအား စွဲဆိုထားသည့် လူမျိုးတုံး သတ်ဖြတ် မှုကို ထောက်ခံကြောင်း၊ တရားရုံးနှင့် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း အများသိစေရန် ထုတ်ပြန်ကြေညာသင့်သည်။ ထို့အပြင် NUG သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ICJ မှ ထုတ်ပြန်ခဲ့သည့် ရိုဟင်ဂျာ လူထုအပေါ် လူမျိုးတုံး သတ်ဖြတ်မှု အဆုံးသတ်ရန် အမိန့်ကို ထောက်ခံ ကြောင်း ကတိပြု ထုတ်ပြန်ပြီး ဤသို့ ဖြစ်ရေးအတွက် ဆောင်ရွက်ရန် ရည်ရွယ်ထားသော နည်းလမ်းများကို အများသိအောင် ထုတ်ဖော်ရှင်းပြ သင့်သည်။ 

• တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် - ဥပဒေကြောင်းမူအရ အချို့သော ရာဇဝတ်မှုများသည် အလွန် ကြောက်မက်ဖွယ်ကောင်းသဖြင့် မည်သည့် နေရာတွင် ဖြစ်ပွားခဲ့သည်ဖြစ်စေ၊ ကျူးလွန်သူ မည်သည့်နိုင်ငံသားဖြစ်စေ၊ မည်သည့်နေရာတွင်မဆို တရားစွဲဆိုနိုင်သည်ဟူသော နေရာတိုင်းတွင် NUG  သည် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အရ စတင်စွဲဆိုသော အမှုများ ကို ထောက်ခံသင့်သည်။ ယင်းထောက်ခံမှုတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် အတိတ်က စစ်ရာဇဝတ်မှုများအတွက် အပြစ် ကင်းလွတ်ခွင့်ကို ရုတ်သိမ်းရန်နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အရ တရားစွဲဆိုမှုများ အကျုံးဝင်သော နိုင်ငံများသို့ ကျူးလွန်သူများဟု စွပ်စွဲခံရသူ များအား လွှဲအပ်ခြင်းတို့ ပါဝင်သင့်သည်။ 

ဖေဖေါ်ဝါရီလ (၁) ရက် အာဏာသိမ်းမှုနောက်ပိုင်းတွင် NUG မှ အစိုးရအဖွဲ့ဝင် အချို့ သည် နိုင်ငံတကာ တရားမျှတမှုရရေး ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ရန် တိုက်တွန်း ခဲ့သည်ကို ကြိုဆိုသော်လည်း တပ်မတော်မှ ကျူးလွန်ထားသော ပြစ်မှုအမျိုးမျိုးကို ပြည့်စုံစွာ လွှမ်းခြုံမည့် တရားစွဲဆိုမှုများ ဖြစ်ရန်မှာ အလွန် အရေးကြီးသည်။  ဤသို့ ဆိုလျှင် ဥပမာ လူနည်းစုတိုင်းရင်းသားများအပေါ် အကြမ်းဖက်မှုနှင့် ရိုဟင်ဂျာများ အပေါ် လူမျိုးတုံး သတ်ဖြတ်မှုတို့ ပါဝင်သင့်သည်။ 

ထို့အပြင် မြန်မာ ရိုဟင်ဂျာအသင်း ယူကေ မှ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအပါအဝင် လူအားလုံး၏ လူ့အခွင့်အရေးများကို လေးစားလိုက်နာရန် ကတိကဝတ် ရှိကြောင်း ပြသရန် NUG အား တိုက်တွန်းလိုက်သည်။ အစိုးရအနေဖြင့် ရိုဟင်ဂျာအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ ပါဝင်စေရန်နှင့် ရိုဟင်ဂျာများ နိုင်ငံသားဖြစ်ခွင့်ကို ဆယ်စုနှစ် များစွာ ငြင်းပယ်ခဲ့သည့် ၁၉၈၂ နိုင်ငံသားဥပဒေကို ရုတ်သိမ်းခြင်းအပါအဝင် ရိုဟင်ဂျာ များအပေါ် ဖိနှိပ်သည့် မူဝါဒများအားလုံးကို အဆုံးသတ်ရန် ကတိပြုသင့်သည်။ 

“ရိုဟင်ဂျာတွေက မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြိုးစား ရုန်းကန်မှုကို ထောက်ခံ အားပေးကြတယ်။ ကျွန်တော်တို့မှာ တပ်မတော်ဆိုတဲ့ ဘုံရန်သူ ရှိတယ်။ ငြိမ်းချမ်းပြီး အားလုံး ပါဝင်မှုရှိသလို သာယာဝပြောတဲ့ တိုင်းပြည်တစ်ပြည် ဖန်တီးတာကလွဲလို့ ဘာမှ မလိုချင်ဘူး။ ဒီလို ဖြစ်နိုင်ဖို့ရာ NUG က ကျွန်တော်တို့ရဲ့ နိုင်ငံသား ဖြစ်ခွင့်ကို အပြည့်အဝ ပြန်ပေးတာ၊ ကျွန်တော်တို့အပေါ် လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာကို လူသိရှင်ကြား အသိအမှတ်ပြုတာတွေပါဝင်တဲ့ ရိုဟင်ဂျာ တွေအပေါ် ဖိနှိပ်တဲ့ မူဝါဒအားလုံးကို ရုတ်သိမ်းဖို့ ရှင်းရှင်းလင်းလင်း ကတိပြုရပါမယ်” ဟု ကိုထွန်းခင်မှ ပြောခဲ့သည်။ 

“တရားမျှတမှုဟာ စစ်တပ်ရဲ့ ဝင်ရောက်စွက်ဖက်မှု ကင်းမဲ့သော မြန်မာပြည်သစ် တစ်ရပ် ထူထောင်ရာမှာ အလွန် အရေးကြီးတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်။ တပ်မတော် က ဆယ်စုနှစ်များစွာ ကြာအောင် အပြစ်ပေး၊ အရေးယူမခံရဘဲ ရက်စက်သော ရာဇဝတ်မှုများစွာကို ကျူးလွန်ထားပါတယ်။ ကျွန်တော်တို့က လွန်ခဲ့သော နှစ်ပေါင်း များစွာမှာ အရေးယူဖို့ ပျက်ကွက်ခဲ့ခြင်းရဲ့ ကြေကွဲဖွယ် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဒီနေ့ မြင်တွေ့နေရပါတယ်။”

ပိုမိုသိရှိလိုပါက ကိုထွန်းခင် +၄၄ (ဝ) ၇၈၈၈၇၁၄၈၆၆ သို့ ဆက်သွယ်ပါရန်။ 
 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ