မောင်တော မြောက်ပိုင်းတွင် ဆွဲ၊ တင်၊ စစ် စစ်ဆေးပြီးနောက် အိမ်ထောင်စုစာရင်းများ သိမ်းယူသွား
မောင်ဌေး Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျကျေးရွာတွင် ဖေဖော်ဝါရီလ (၆) ရက်နေ့က နယ်မြေ (၅) ငါးခူရကျေးရွာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ရုံး လက်အောက်ခံစခန်း အမှတ် (၁၂) မှ မ.က.ဖ အဖွဲ့ဝင်များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆွဲ၊ တင်၊ စစ် ပြုလုပ်ခဲ့သည်။ 

၎င်းတို့ စစ်ဆေးခဲ့သည့် အိမ်ထောင်စုများမှ အိမ်ထောင်စုလူဦးရေစာရင်းများကို ပြန်လည် ပေးအပ်ခြင်း မရှိခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ ယင်းအိမ်ထောင်စုလူဦးရေစာရင်းများကို နယ်မြေရုံးသို့ ယူဆောင်သွားသည်ဟု ဒေသခံများကဆိုကြသည်

ယခင်နှစ်များက ဆွဲ၊ တင်၊ စစ် စစ်ဆေးပြီးနောက် အိမ်ထောင်စုလူဦးရေစာရင်းများ ပြန်ပေးလေ့ရှိသော်လည်း ယခုနှစ်တွင် ပြန်မပေးတော့ခြင်း ဖြစ်သည်။ 

ယခုအခါ အိမ်ထောင်စုလူဦးရေစာရင်းမရှိတော့သဖြင့် မြို့ပေါ်သို့ အသွားအလာ လုပ်ရန် ခက်ခဲနေသလို၊ အလုပ်အကိုင်လုပ်ကိုင်ရန်လည်း ခက်ခဲနေကြသည်။ 

အလားတူ ငန်းချောင်းကျေးရွာတွင်လည်း ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဆွဲ၊ တင်၊ စစ် ကို တစ်ရက်တည်း စစ်ဆေးပြီးနောက် အိမ်ထောင်စုလူဦးရေစာရင်းများကို ငါးခူရနယ်မြေစခန်းရုံးသို့ ယူဆောင်သွားကြောင်း သိရသည်။ မ.က.ဖ အဖွဲ့ခေါင်းဆောင် လ.ဝ.က ဦးစီးအရာရှိက လက်မှတ်ထိုး၍ ပြန်ပေးမည်ဟု ပြောခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည် ပေးအပ်ခြင်း မရှိသေးဟု ဒေသခံများက ပြောသည်။ 

"အခုလိုတော့ မလုပ်သင့်ဘူး။ အရင်တုန်းက မယူသွားဘဲ အခုမှ ယူသွားတာ ဘာသဘောလဲ၊ ပျောက်သွားရင် ဘယ်သူတာဝန်ခံမှာလဲ၊ ကျွန်တော်တို့ ရွာတွေမှာ မကြာမကြာ ရွာကို ဝန်းရံပြီးတော့ ရှောင်တခင် စစ်ဆေးရင် ကျွန်တော်တို့ ဘာကို ပြရမှာလဲ၊ အမြန်ဆုံး ပြန်ပေးဖို့ တောင်းဆိုပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ