မောင်တော ရွာသစ်ကေရပ်ကွက်တွင် နေအိမ် ၅ လုံး မီးလောင်ပြာကျ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွာသစ်ကေရပ်ကွက် (အမှတ် ၅ ရပ်ကွက်) တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၅ လုံး ပြာကျသွားခဲ့သည်။

မတ်လ (၄) ရက်နေ့ နံနက် ၁၂း၃၀ နာရီခန့်တွင် ရွာသစ်ကေရပ်ကွက်မှ မုန့်ဆိုင်ရောင်းသူ ဦးမာမတ်အာလောမ် (ဘ) ဦးဆွေတာမတ်၏ နေအိမ် မီးဖိုခန်းမှ မီးစတင်လောင်ကျွမ်းပြီး၊ ၎င်း၏ အစ်ကိုဖြစ်သူ ဦးအဒူမူနာဖ်၏ အိမ်နှင့် လဘက်ရည်ဆိုင်၊ ကွမ်းယာရောင်းသူ ဦးဆော်ယဒ်အာလောမ်၏ အိမ်နှင့် ၎င်း၏ ညီနှစ်ယောက်၏ နေအိမ်နှစ်လုံး၊ စုစုပေါင်း နေအိမ် ၅ လုံးနှင့် လဘက်ရည်ဆိုင်တစ်ဆိုင် ပြာကျသွားခဲ့သည်။ 

နံနက် ၁၂း၃၀ နာရီမှ ၂ နာရီထိ မီးလောင်ကျွမ်းခဲ့ပြီး၊ နံနက် ၁း၃၀ နာရီခန့်တွင် မီးသတ်ကား ၃ စီး ရောက်ရှိလာပြီး မီးငြိမ်းသတ်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

“မီးသတ်ကားရောက်လာလို့ မီးငြိမ်းနိုင်ခဲ့တာ။ တကယ်လို့ မီးသတ်ကား ရောက်မလာဘူးဆိုရင် မီးလောင်ခံရတဲ့ အိမ်တွေရဲ့ မြောက်ဘက်မှာရှိတဲ့ အိမ်တွေအားလုံး မီးလောင်သွားမှာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အိပ်ပျော်နေသည့် အချိန်တွင် မီးလောင်ကျွမ်းခြင်း ဖြစ်သောကြောင့် နေအိမ်များမှ ပစ္စည်းတစ်စုံတစ်ရာ ထုတ်ယူနိုင်ခြင်း မရှိကြောင်း၊ လူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်းလည်း မရှိကြောင်း သိရသည်။ 

မီးလောင်ကျွမ်းပြီးနောက် မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ လာရောက်၍ သတင်းအချက်အလက်များ ရယူခဲ့သည်။ 

မြို့နယ်ရဲစခန်းမှူးက နံနက် ၈ နာရီအချိန်တွင် မီးလောင်ခံရသည့် အိမ်များမှ အိမ်ရှင်များကို လာရောက်တွေ့ဆုံရန် မှာကြားသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆီရာဇူနှင့် အတူ သွားရောက်ခဲ့သည်။ အုပ်ချုပ်ရေးမှူးက မီးဘေးသင့် အိမ်ရှင်များကို ရဲစခန်းအပြင်ဘက်တွင် စောင့်ဆိုင်းစေခိုင်းပြီး ၎င်းတစ်ဦးတည်းသာ စခန်းမှူးနှင့် တွေ့ဆုံခဲ့သည်။ 

“ရပ်ကွက် အုပ်ချုပ်ရေးမှူးက ငွေအရမ်းမက်တယ်။ စခန်းမှူးနဲ့ သီးသန့်တွေ့တာက စခန်းမှူးက ငွေညှစ်တဲ့အခါမှာ အမြတ်ထုတ်ဖို့ ဖြစ်နိုင်တယ်။ ရဲစခန်းမသွားခင်မှာ အိမ်ရှင်တွေကို သိန်း ၂၀ ပေးရမယ်ဆိုပြီး တောင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ