ဘူးသီးတောင် ကွန်တိုင် မောင်နှမတောင်ရွာတွင် အိမ် ၃၄ လုံး မီးလောင်ပြာကျသွား
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကျေးရွာအုပ်စု၊ မောင်နှမတောင်ရွာတွင် လူမရှိသော အိမ်အလွတ်မှ မီးစတင်လောင်ကျွမ်းပြီး အိမ်ခြေ ၃၄ လုံး ပြာကျသွားခဲ့သည်။ 

မတ်လ (၂) ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် ကွန်တိုင်ကျေးရွာအုပ်စု မောင်နှမတောင်ရွာရှိ လူမနေသည့် အိမ်အလွတ်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး၊ လူမရှိတော့သည့် အိမ် ၁၆ လုံးနှင့် လူနေသည့် အိမ် ၁၈ လုံး ပြာကျသွားခဲ့သည်။ 

မီးလောင်ကျွမ်းမှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဘူးသီးတောင် ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။ 

နေ့လည် ၃ နာရီမှ ညနေ ၅ နာရီကျော်အထိ မီးလောင်ကျွမ်းခဲ့ပြီး၊ ကွန်တိုင်ကျေးရွာအုပ်စုသည် ဘူးသီးတောင်မြို့ပေါ်နှင့် နှစ်မိုင်ခန့် ဝေးသော်လည်း မီးသတ်တပ်ဖွဲ့ အချိန်မှီ လာရောက်၍ မီးငြိမ်းသတ်ခဲ့ခြင်း မရှိဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

“မီးသတ်သမားတွေက မီးသတ်ကားတစ်စီးနဲ့ နန်းရာကုန်းရွာအထိ လာတယ်။ ပြီးတော့ ကွန်တိုင်ဘက်ကို သွားဖို့ ကားလမ်းမရှိဘူးဆိုပြီး မီးသတ်ကားကို နန်းရာကုန်းမှာ ထားခဲ့တယ်။ မီးသတ်သမား အချို့တော့ CNG နဲ့ မီးလောင်တဲ့နေရာကို သွားတယ်။ သူတို့ရောက်တဲ့အချိန် မီးလောင်ပြာကျပြီးသွားပြီ။ အဲဒီတော့ သတင်းအချက်အလက် အချို့ယူပြီး ပြန်သွားကြတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

ကွန်တိုင်ကျေးရွာသို့ သွားရန် ပုံမှန်ကားလမ်းမရှိသော်လည်း ဆောင်းရာသီတွင် ထွေလာဂျီမောင်းသူများက လယ်ကွင်းပေါ်မှ လမ်းဖောက်၍ ထွေလာဂျီများဖြင့် စပါး၊ ဟင်းသီးဟင်းရွက်များ သယ်ယူသွားလေ့ရှိသည်။ မီးသတ်ကားလည်း ယင်းလမ်းအတိုင်း သွားလျှင် မီးလောင်ရာနေရာအထိ သွားနိုင်သည်။ ဘူးသီးတောင်မြို့ပေါ်နှင့် နှစ်မိုင်ခန့်သာ ဝေးသောကြောင့် မိနစ် ၂၀ အတွင်း ရောက်နိုင်သော်လည်း လာရောက်ခြင်း မရှိသောကြောင့် ယခုကဲ့သို့ အိမ်ပေါင်းများစွာ လောင်ကျွမ်းသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြစ်တင်ဝေဖန် နေကြသည်။ 

မီးလောင်ပြီး နောက်ပိုင်းတွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့မှ အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင်များ လာရောက်၍ ကြည့်ရှု မေးမြန်းခဲ့သည်။ သို့သော် မီးဘေးသင့်သူများကို အကူအညီပေးခြင်း မရှိဟု ဒေသခံများက ဆိုသည်။ 

အစိုးရ အာဏာပိုင် အဖွဲ့အစည်းများက နေအိမ် မီးလောင်ဆုံးရှုံးသွားသည့် မိသားစုများကို အထောက်အပံ့ တစ်စုံတစ်ရာ လုံးဝ ပေးခြင်း မရှိကြောင်း၊ ရွာသူရွာသားများကသာ အစားအသောက်၊ အဝတ်အထည်များ စီစဉ်ပေးထားကြောင်း၊ မတ်လ (၃) ရက်နေ့တွင် ဘူးသီးတောင်မြို့ပေါ်မှာ ဦးရော်ဖိတ် က ငွေနှင့် အဝတ်အစားအချို့ ထောက်ပံ့ခဲ့ကြောင်း၊ မတ်လ (၄) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး လာမည်ဆို၍ မီးလောင်ပြင်တွင် နားခိုရန် နေရာပြင်ဆင်ထားရခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ