ရွာထဲသို့ အကြမ်းဖက်သမား ဝင်ရောက်သည်ကို ဖမ်းဆီးပေးရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာနှစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်
သိမ်းဝေ Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းကျေးရွာ၌ လူတစ်ဦးထံမှ ပစ်စတိုသေနတ်တစ်လက် ရရှိခဲ့ပြီး၊ ယင်းလူကို ဖမ်းဆီးပေးရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာနှစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၌ ဖေဖော်ဝါရီလ (၃) ရက်နေ့ နံနက်ပိုင်းတွင် လူစိမ်းတစ်ဦးထံမှ ပစ်စတိုတစ်လက် သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းလူကို ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မိရ်ဟူစိန်းနှင့် ၎င်း၏ တပည့်ဖြစ်သူ အီဒီရိစ်တို့က ညောင်ချောင်းနယ်မြေမှ နယ်ခြားစောင့်ရဲများကို ဖုန်းဆက်ခေါ်၍ ပစ်စတိုကို အပ်နှံခဲ့သည်။ 

ယခင်ဆက်စပ်သတင်းများ ဖတ်ရှုရန် -- 

ဘူးသီးတောင်မှ အပြစ်မဲ့ လူငယ်တစ်ဦးကို ပစ်စတိုသေနတ် ၁ လက်နှင့် အတူ ဖမ်းဆီးရမိသည်ဟု ဆိုကာ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ထား

ဘူးသီးတောင် ဖိုးခေါင်ချောင်းမှ ရိုဟင်ဂျာများ၏ နေအိမ်များကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက စိတ်တိုင်းကျ မွှေနှောက် စစ်ဆေး

နယ်ခြားစောင့်ရဲများက ပစ်စတို သိမ်းဆည်းရမိသည့် လူစိမ်း ထွက်ပြေးသွားသည့် လမ်းကြောင်းကို မေးမြန်းရာ ၎င်းတို့က ကျောက်ဖြူသားသေကံကျေးရွာအုပ်စု၊ ဒါနိုမျာရွာဘက်သို့ ထွက်ပြေးသွားခဲ့သည်ဟု ဖြေကြားခဲ့သည်။ 

စစ်သားများနှင့် နယ်ခြားစောင့်ရဲအချို့သည် ဒါနိုမျာရွာသို့ သွားရောက်၍ ထွက်ပြေးသွားသည့် လူစိမ်းကို ရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် ရာအိမ်မှူး ဦးအီလီယာစ် (ဘ) ဦးအီဒီရိစ် (အသက် ၃၀ နှစ်) နှင့် ဦးအီမာန်ဟူစိန်း (ဘ) ဦးအလီအာမတ် (အသက် ၃၈ နှစ်) တို့ကို ဖမ်းဆီး၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင်ထားခဲ့သည်။ 

“သူတို့နှစ်ယောက်က ဖိုးခေါင်ချောင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ဘာမှ သိသူတွေလည်း မဟုတ်ဘူး။ သူတို့ရွာထဲကို အဲဒီလူစိမ်းရောက်လာလား မရောက်လာဘူးလား ဆိုတာလည်း သူတို့မသိဘူး။ အကြမ်းဖက်သမား ရွာထဲဝင်လာတာကို မဖမ်းထားဘူးဆိုပြီး သူတို့ကို နှစ်ယောက်ကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တာ အခု လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တော့ဘူး။ ငွေလည်း ညှစ်ခံရတယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

ရာအိမ်မှူး ဦးအီလီယာစ်နှင့် ဦးအီမာန်ဟူစိန်း တို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတွင် ရွာထဲသို့ အကြမ်းဖက်သမား ဝင်ရောက်လာသည်ကို နယ်မြေသို့ တိုင်ကြားရန်နှင့် ဖမ်းဆီးပေးရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်၍ အမျိုးမျိုးခြိမ်းခြောက်ကာ ငွေကျပ် သိန်း ၃၀ ညှစ်ယူ၍ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ