ဘူးသီးတောင် ဖိုးခေါင်ချောင်းမှ ရိုဟင်ဂျာများ၏ နေအိမ်များကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက စိတ်တိုင်းကျ မွှေနှောက် စစ်ဆေး
သိမ်းဝေ Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ရွက်ညိုတောင်ရွာမှ အပြစ်မဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးကို ဖမ်းဆီးပြီးနောက် ဖိုးခေါင်ချောင်းရွာမှ အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးတစ်ဦးတို့ကို ခေါ်ယူစစ်ဆေးခြင်း၊ ရွာထဲသို့ နယ်ခြားစောင့်ရဲများနှင့် စစ်သားများ ဝင်ရောက်၍ နေအိမ်များ စစ်ဆေးခြင်း၊ ရွာသားများကို ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်။

ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ဖိုးခေါင်ချောင်းကျေးရွာသို့ ရောက်ရှိနေသည့် လူစိမ်းတစ်ဦးထံမှ ပစ်စတိုတစ်လက် ရရှိခဲ့ပြီး၊ ယင်းလူစိမ်းကို ဖမ်းဆီးရန် ပြင်ဆင်နေစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ သိမ်းဆည်းရမိသည့် ပစ်စတို ပိုင်ရှင်ကို လိုက်လံရှာဖွေ ဖမ်းဆီးရမည့်အစား လှောင်းလှေဖြင့် ကောက်ရိုးသယ်နေသည့် ရွက်ညိုတောင်ရွာမှ အပြစ်မဲ့ ရိုဟင်ဂျာလူငယ် မိုဟာမတ်ဇူဘိုက်ရ် ကို ဖမ်းဆီးခဲ့သည်။ (သတင်းအပြည့်အစုံ ဖတ်ရန် -- https://www.rohingyatoday.com/mm/node/230)

ဖေဖော်ဝါရီလ (၄) ရက်နေ့ နေ့လည်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်းနယ်မြေစခန်းမှ နယ်ခြားစောင့်ရဲ (၅) ဦးသည် ဖိုးခေါင်ချောင်းကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မိရ်ဟူစိန်းနှင့် သတင်းပေး အီဒီရိစ် တို့ကို အဝတ်အစား လေးငါးစုံစီ ယူခိုင်းပြီး၊ နယ်ခြားစောင့်ရဲများက ၎င်းတို့၏ ဆိုင်ကယ်များဖြင့် ညောင်ချောင်း နယ်မြေစခန်းသို့ ခေါ်ဆောင်သွားပြီး ထိုမှတဆင့် အမှတ် (၁၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်းသို့ ပို့ဆောင်ခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သတင်းပေးတို့ကို တပ်ရင်း (၁၃) တွင် စစ်ဆေးပြီး၊ နေဝင်ချိန်တွင် ဘူးသီးတောင်မြို့ပေါ်ရှိ တည်းခိုခန်းတွင် တည်းခိုရန် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သတင်းပေးတို့ကို တပ်ရင်းသို့ ယနေ့ ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက်ပိုင်းတွင် ပြန်လာ၍ စစ်ဆေးခံရန် မှာကြားထားသဖြင့် တပ်ရင်းသို့ သွားရောက်ခဲ့သည်။ ၎င်းတို့နှစ်ဦးအား တပ်ရင်းမှတဆင့် တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းသို့ ခေါ်ဆောင်သွားသည်။

ယနေ့ နေ့လည် ၁း၃၀ နာရီအချိန်တွင် ညောင်ချောင်းနယ်မြေမှ နယ်ခြားစောင့်ရဲများနှင့် ယင်းနယ်မြေ အနီးတစ်ဝိုက်တွင် လုံခြုံရေးတာဝန်ယူထားသည့် တပ်မ ၉၉ မှ စစ်သား ၃၀ ဦးခန့်တို့သည် ဖိုးခေါင်ချောင်းကျေးရွာ မြောက်ပိုင်းသို့ ရောက်ရှိလာပြီး၊ မိုးပေါ်သို့ သေနတ် ၂ ချက် ပစ်ဖောက်ခဲ့သည်။ စစ်သားအချို့က ရွာအပြင်ဘက်မှ ဝန်းရံထားပြီး၊ ကျန်သည့် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများ၏ နေအိမ်များကို စိတ်တိုင်းကျ မွှေနှောက် စစ်ဆေးခဲ့သည်။ ၎င်းတို့၏ မျက်စိရှေ့တွင် တွေ့သည့်သူကို တွေ့သည့်နေရာတွင်ပင် ထိုင်ခိုင်း၍ စစ်ဆေးမေးမြန်းခဲ့သည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများက စိတ်တိုင်းကျ မွှေနှောက် ရှာဖွေ စစ်ဆေး မေးမြန်းနေစဉ် စစ်သား ၂၀ ဦးခန့် ထပ်မံရောက်ရှိခဲ့သည်။ 

စစ်ဆေးနေစဉ် ရွာသား ၅ ဦးကို ဖမ်းဆီး၍ ဗလီဝတ်ကျောင်းတော်၏ အနီးရှိ လမ်းတွင် စုထားခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ ရွာခန့်ကျောင်းဆရာ ရော်ဘီအူလ်ဟာဆောင်းန် ကိုလည်း နေအိမ်မှ ခေါ်ယူလာပြီး ယင်းနေရာတွင် ထားရှိခဲ့သည်။ 

ညနေ ၆ နာရီခန့် အချိန်တွင် ဗလီဝတ်ကျောင်းတော်၏ အနီးရှိ လမ်းတွင် စုထားခဲ့သည့် ရွာသားများကို ပြန်လည်လွှတ်ပေးပြီး  ကျေးရွာအုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ ရွာခန့်ကျောင်းဆရာကို နယ်ခြားစောင့်ရဲများက ဆိုင်ကယ်ပေါ်တင်၍ ညောင်ချောင်း နယ်မြေစခန်းသို့ ခေါ်ဆောင်သွားသည်။ ထို့နောက် စစ်သားများလည်း ရွာမှ ပြန်လည် ထွက်ခွာသွားကြသည်။

ပစ်စတိုသေနတ်ဖမ်းဆီးရမိသူသည် ဖိုးခေါင်ချောင်းကျေးရွာမှ မဟုတ်သော်လည်း ဖိုးခေါင်ချောင်းရွာထဲတွင် တွေ့ရှိသဖြင့် ဖိုးခေါင်ချောင်းရွာကို ပစ်မှတ်ထား စစ်ဆေးနေခြင်း ဖြစ်ပြီး၊ ရွာသူရွာသားများ အလွန်စိုးရိမ်နေကြသည်။

အပြစ်မဲ့ မတရားသဖြင့် ဖမ်းဆီးခံရထားသည့် ရွက်ညိုတောင်ရွာမှ လူငယ်ကို ယခုအချိန်ထိ လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ