ဘူးသီးတောင်မှ အပြစ်မဲ့ လူငယ်တစ်ဦးကို ပစ်စတိုသေနတ် ၁ လက်နှင့် အတူ ဖမ်းဆီးရမိသည်ဟု ဆိုကာ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ထား
သိမ်းဝေ Rohingya Today
ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်သတင်း

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ရွက်ညိုတောင်ကျေးရွာမှ အပြစ်မဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးကို ပစ်စတိုသေနတ် ၁ လက်နှင့်အတူ ဖမ်းဆီးရမိသည်ဟု ဆိုကာ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင် ထားသည်။ 

ဖြစ်စဉ်အပြည့်အစုံမှာ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဖိုးခေါင်ချောင်းကျေးရွာမှ ယခင် ရ.ယ.က ဥက္ကဌဟောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့၏ သတင်းပေး ဖြစ်သူ အီဒီရိစ် (ဘ) ဦးအစ္စမိုင်လ် ကို လွန်ခဲ့သည့်အပတ်က အမည်မသိသူတစ်ဦးက ဖုန်းဆက်၍ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဖေဖော်ဝါရီလ (၃) ရက်နေ့ အာရုဏ်တက်အချိန်တွင်လည်း အလားတူ ခြိမ်းခြောက်ခဲ့သည်။ 

ဖေဖော်ဝါရီလ (၃) ရက်နေ့ နံနက် ၈ နာရီခန့်အချိန်တွင် လူစိမ်းတစ်ဦးနှင့် ဖိုးခေါင်ချောင်းရွာသားတစ်ဦးတို့သည် ရွာ၏ တောင်ဘက်ရှိ လဘက်ရည်ဆိုင် တစ်ဆိုင်တွင် လဘက်ရည်သောက်၍ ထိုင်နေသည်ကို ရ.ယ.က ဥက္ကဌဟောင်း အီဒီရိစ်၏ ညီဖြစ်သူက တွေ့ရှိပြီး ဖိုးခေါင်ချောင်းရွာသားကို လူစိမ်းနှင့် ပတ်သက်၍ မေးမြန်းရာ၊ ရွာသားက “မင်းနဲ့ ဘာဆိုင်လို့လဲ၊ ဘာကြောင့် မေးနေရတာလဲ” ဟု ဘုကလန့် ပြန်ဖြေသဖြင့် ၎င်းတို့ နှစ်ဦး စကားများခဲ့ကြသည်။ ထို့နောက် အီဒီရိစ်၏ ညီဖြစ်သူက အီဒီရိစ်ကို ဖုန်းဆက် ခေါ်သဖြင့် လူ ၅ ဦးခန့်နှင့် အတူ လဘက်ရည်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။ 

အီဒီရိစ်နှင့် အပေါင်းအပါများက လူစိမ်းကို ဖမ်းဆီး စစ်ဆေးရာ ပစ်စတို သေနတ် ၁ လက်တွေ့ရှိသဖြင့် ပစ်စတိုသေနတ်ကို သိမ်းယူပြီး၊ လူစိမ်းကို ကြိုးချည်၍ ချုပ်နှောင်ထားရန် ပြင်ဆင်နေစဉ် ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။ 

လူစိမ်း ထွက်ပြေးသွားစဉ် ပစ်စတိုသေနတ်သည် အီဒီရိစ်၏ လက်ထဲတွင် ရှိနေခဲ့သည်။ ထို့နောက် အီဒီရိစ် က ၎င်းနှင့် ဦးလေးတော်စပ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မီရ်ဟူစိန်း ကို ဖုန်းဆက် အကြောင်းကြားသဖြင့် ဦးဇော်ကော်ရီယာ ရောက်ရှိလာခဲ့သည်။ ဦးဇော်မီရ်ဟူစိန်း က အခင်းဖြစ်ပွားသည့် နေရာမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် အခြားဌာနများကို ဖုန်းဆက် အကြောင်းကြားခဲ့သည်။ 

အခင်းဖြစ်ပွားရာ နေရာသို့ ကျောက်စာတိုင်စခန်းနှင့် ညောင်ချောင်းနယ်မြေစခန်းမှ နယ်ခြားစောင့်ရဲများ၊ ယင်းနယ်မြေ အနီးတဝိုက်တွင် လုံခြုံရေးတာဝန်ယူထားသည့် စစ်သားများ ရောက်ရှိလာပြီး ရွာကို ဝိုင်းထားခဲ့သည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မီရ်ဟူစိန်း က အီဒီရိစ်၏ လက်ဝယ်တွင်ရှိသည့် ပစ်စတိုသေနတ် ကို နယ်ခြားစောင့်ရဲများ လက်ထဲသို့ အပ်နှံပြီးနောက် နံနက် ၁၁ နာရီကျော် အချိန်တွင် စစ်သားများ ထွက်ခွာသွားခဲ့သည်။ 

နယ်ခြားစောင့်ရဲများက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မီရ်ဟူစိန်း၊ အီဒီရိစ်နှင့် ရပ်မိရပ်မများကို ညောင်ချောင်း နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားပြီး ဖြစ်စဉ်ကို အသေးစိတ် စစ်ဆေးမေးမြန်းခဲ့သည်။ 

နေ့လည် ၁၂ နာရီခန့်အချိန်တွင် ရွက်ညိုတောင်ကျေးရွာမှ မိုဟာမတ်ဇူဘိုက်ရ် (အသက် ၂၄ နှစ်) သည် ပြိုင်းတောင်ကျေးရွာရှိ ချောင်း၌ လှောင်းလှေဖြင့် ကောက်ရိုးသယ်နေစဉ် ပြိုင်းတောင်မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ သတင်းပေးများက မိုဟာမတ်ဇူဘိုက်ရ်ကို တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုလုပ်ဘဲ နယ်ခြားစောင့်ရဲများကို မသင်္ကာဖွယ်ရာ လူတစ်ဦး ဖမ်းဆီးရမိထားသည်ဟု ဆိုကာ ဖုန်းဆက်ခေါ်၍ အပ်နှံခဲ့သည်။ 

နယ်ခြားစောင့်ရဲများက မိုဟာမတ်ဇူဘိုက်ရ် ကို ညောင်ချောင်း နယ်မြေစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှဉ်းပန်းနှိပ်စက်၍ စစ်ဆေးခဲ့သည်။ ရွက်ညိုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ညောင်ချောင်းနယ်မြေစခန်းသို့ ဆင့်ခေါ်၍ မိုဟာမတ်ဇူဘိုက်ရ်နှင့် ပတ်သက်၍ မေးမြန်းရာ ရွက်ညိုတောင် ရွာသားတစ်ဦး ဖြစ်သည်မှာ မှန်ကန်ကြောင်း၊ လူကောင်းတစ်ဦး ဖြစ်ကြောင်း ထောက်ခံချက် ပေးခဲ့သည်။ 

“အခု ဖမ်းခံထားရတဲ့ ဇူဘိုက်ရ် ဆိုသူက အပြစ်မဲ့တစ်ယောက်ပါ။ သူနဲ့ ဘာမှမဆိုင်ဘဲ ဖမ်းခံထားရတာ။ ရွက်ညိုတောင် အုပ်ချုပ်ရေးမှူးက လူကောင်းဖြစ်တယ်ဆိုပြီး ထောက်ခံပေးတော့ ပြန်လွှတ်ပေးမယ်လို့တော့ ပြောနေတယ်။ ပြည်ထဲရေးက သတင်းတင်တာမှာ ပြည့်ပြည့်စုံစုံ မရေးထားဘဲ ဒီအပြစ်မဲ့လူငယ်ဆီက သေနတ်ရတဲ့ ပုံစံရေးထားတယ်။ ကျွန်တော်တို့ ဖိုးခေါင်ချောင်းရွာကနေတော့ လောလောဆယ် ဖမ်းတာဆီးတာတွေ မရှိသေးဘူး။ ဒါပေမယ့် ညသန်းခေါင်မှာ ရှောင်တခင် ဝင်လာပြီး အပြစ်မဲ့တွေ ဖမ်းသွားမှာကို စိုးရိမ်ရတယ်” ဟု ဖိုးခေါင်ချောင်း ရွာသားတစ်ဦးက Rohingya Today သို့ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ