ဘူးသီးတောင် ဖိုးခေါင်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို ပြန်လွှတ်ပေးသော်လည်း အပြစ်မဲ့ ရွက်ညိုတောင်ရွာသားကို ပြန်လွှတ်ပေးခြင်းမရှိ
အောင်မင်း Rohingya Today
ပြည်ထဲရေးမှ ထုတ်ပြန်ခဲ့သည့် သတင်း

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းကျေးရွာတွင် လူစိမ်းတစ်ဦးကို ပစ်စတိုသေနတ်တစ်လက်ဖြင့် ဖမ်းဆီးမိသော်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး၊ ယင်းလူစိမ်း၏ နေရာတွင် အပြစ်မဲ့ ရွက်ညိုတောင် ရွာသားတစ်ဦးကို အကြမ်းဖက်သမားဟု လုပ်ကြံဖန်တီး၍ ဖမ်းဆီးထားခဲ့သည်။ ၎င်းနှင့် အတူ ဖိုးခေါင်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အခြားလူများကို ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့အား ပြန်လည် လွှတ်ပေးလိုက်သော်လည်း အပြစ်မဲ့ ရွက်ညိုတောင် ရွာသားကို ယခုအချိန်ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးပေ။ 

ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖိုးခေါင်ချောင်းကျေးရွာ၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် အပြည့်အစုံကို ယင်းနေ့တွင် ရေးသား ဖော်ပြခဲ့ပြီး၊ အောက်ပါ သတင်းလင့်ခ်တွင် ဖတ်ရှုနိုင်သည်။

ဘူးသီးတောင်မှ အပြစ်မဲ့ လူငယ်တစ်ဦးကို ပစ်စတိုသေနတ် ၁ လက်နှင့် အတူ ဖမ်းဆီးရမိသည်ဟု ဆိုကာ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ထား

လူစိမ်းထံမှ ရရှိသည့် ပစ်စတိုကို ညောင်ချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေ (၁၁) မှ နယ်ခြားစောင့်ရဲများထံ အပ်နှံခဲ့သည်။ 

ယင်းနေ့ နေ့လည် ၁၂ နာရီတွင် ရွက်ညိုတောင်ကျေးရွာမှ မိုဟာမတ်ဇူဘိုက်ရ် (အသက် ၂၄ နှစ်) ကို တစ်စုံတစ်ရာ စစ်ဆေးမေးမြန်းခြင်း မပြုလုပ်ဘဲ ဖမ်းဆီး၍ လူစိမ်းထံမှ ရရှိခဲ့သည့် ပစ်စတိုသေနတ်ကို ကိုင်စေပြီး ဓါတ်ပုံရိုက်ကူးယူကာ အကြမ်းဖက်သမား အဖြစ် လုပ်ကြံဖန်တီးပြီး ဖမ်းဆီးခဲ့သည်။ 

ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် နယ်ခြားစောင့်ရဲများက ဖိုးခေါင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မီရ်ဟူစိန်းနှင့် ရ.ယ.က ဥက္ကဌဟောင်း ဦးအီဒီရီစ် တို့ကို စစ်ဆေးရန်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ဖမ်းဆီးချုပ်နှောင် ထားခဲ့သည်။ 

ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ ရွာခန့် ကျောင်းဆရာကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့ (၃) ဦးစလုံးကို ဘူးသီးတောင်ရှိ အမှတ် (၁၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်းသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးပြီးနောက် ရက်အနည်းငယ် အကြာတွင် ရွာခန့်ကျောင်းဆရာနှင့် ရ.ယ.က ဥက္ကဌဟောင်း ဦးအီဒီရီစ် တို့ကို သီးခြားစီ ပြန်လည် လွှတ်ပေးခဲ့သည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မီရ်ဟူစိန်း ကို မတ်လ (၁) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ပြီး၊ အပြစ်မဲ့ ဖြစ်သည့် မိုဟာမတ်ဇူဘိုက်ရ် ကို ယခုအချိန်ထိ ချုပ်နှောင်ထားသည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

“ဇူဘိုက်ရ်က သူ့ဟာသူ လှေနဲ့ ကောက်ရိုးသယ်နေတာမှာ ဖမ်းခံလိုက်ရတာ။ သူ့မှာ ဖုန်းတစ်လုံးပဲ ပါတယ်။ တကယ့်အပြစ်မဲ့ တစ်ယောက်ကို အခုလို ဖမ်းဆီးထားတာက ဥပဒေအရ မဟုတ်ဘဲ လက်နက်နဲ့ အာဏာပြပြီး လုပ်ချင်သလို လုပ်နေတာသာ ဖြစ်တယ်” ဟု ရပ်မိရပ်ဖတစ်ဦးက ဝေဖန်ပြောဆိုသည်။

“ဇူဘိုက်ရ်ကို ဖေဖော်ဝါရီလ (၃) ရက်နေ့က ဖမ်းသွားပြီး ညောင်ချောင်း နယ်မြေ ၁၁ မှ ထားခဲ့တယ်။ အဲဒီကနေ နယ်ခြားစောင့်တပ်ရင်း ၁၃ ကို ခေါ်သွားတယ်။ အဲဒီကနေ တစ်ခါ တောင်ဘဇာ နယ်မြေ ၉ စခန်းကို ခေါ်သွားတယ်။ နယ်မြေ ၉ ကနေ တပ်ရင်း ၁၃ ကို ပြန်ခေါ်သွားပြီး၊ အခုတော့ ဘယ်မှာ ထားလဲဆိုတာ မသိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ