ဘူးသီးတောင်၌ နွားတင်းကုပ်နှင့် ကောက်ရိုးပုံများ မီးရှို့ဖျက်ဆီးခံရသူများကို အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်၍ ခံဝန်လက်မှတ်ရေးထိုးခိုင်း
ကျော်စိုး Rohingya Today
ဘော်လီရွာ၌ ဖေဖော်ဝါရီလ (၉) ရက်နေ့က မီးရှို့ခံရသည့် ကောက်ရိုးပုံများနှင့် နွားတင်းကုပ်များ

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စေတီတောင်ကျေးရွာအုပ်စု၊ ဘော်လီရွာတွင် ဖေဖော်ဝါရီလ (၉) ရက်နေ့က နွားတင်းကုပ်များနှင့် ကောက်ရိုးပုံများ မီးရှို့ဖျက်ဆီးခံရသူများကို ကျေးရွာအုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်၍ ခံဝန်လက်မှတ်ရေးထိုးခိုင်းသည်။ 

ဖေဖော်ဝါရီလ (၉) ရက်နေ့ နေ့လည် ၂ နာရီတွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စေတီတောင်ကျေးရွာအုပ်စု၊ ဘော်လီရွာမှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွားတင်းကုပ်များနှင့် ကောက်ရိုးပုံများကို ရခိုင်ရွာသားနှစ်ဦးက မီးရှို့ဖျက်ဆီးခဲ့သည်။ ကောက်ရိုးပုံများနှင့် နွားတင်းကုပ်များ မီးလောင်နေသည်ကို စေတီတောင်ကျေးရွာမှ ရွာသူရွာသားများအားလုံး မြင်တွေ့ခဲ့ပြီး၊ စေတီတောင်ရခိုင်ရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်း တို့က သိရှိသော်လည်း လာရောက် မကြည့်ရှုခဲ့ပေ။ 

ဘူးသီးတောင် စေတီတောင် ဘော်လီရွာ၌ ရိုဟင်ဂျာပိုင် နွားတင်းကုပ်များနှင့် ကောက်ရိုးပုံများ မီးရှို့ခံရ

ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်း မီးရှို့ခံရသည့် နွားတင်းကုပ်များနှင့် ကောက်ရိုးပုံများ၏ ပိုင်ရှင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်၍ မီးလောင်မှုနှင့် ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်ကိုမှ ပြောဆိုခြင်း မပြုလုပ်ရန်နှင့် မည်သည့် အစိုးရဌာနကိုမှ တိုင်တန်းခြင်း မပြုလုပ်ရန် ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူးက အကယ်၍ အခြားလူများကို ပြောပြခြင်း၊ ဌာနဆိုင်ရာကို တိုင်တန်းခြင်းများ ပြုလုပ်ပါက အရေးယူခြင်းခံရမည်၊ ဒုက္ခရောက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ 

ကောက်ရိုးပုံများနှင့် နွားတင်းကုပ် ပိုင်ရှင်များသည် ဆင်းရဲသားများ ဖြစ်သောကြောင့် အုပ်ချုပ်ရေးမှူးက တစ်ခုခုလုပ်လျှင် ဒုက္ခရောက်မည်ကို စိုးရိမ်ပြီး အုပ်ချုပ်ရေးမှူး ခိုင်းသည့်အတိုင်း ခံဝန်လက်မှတ် ရေးထိုးပေးခဲ့သည်ဟု ဒေသခံများက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ