ဘူးသီးတောင် စေတီတောင် ဘော်လီရွာ၌ ရိုဟင်ဂျာပိုင် နွားတင်းကုပ်များနှင့် ကောက်ရိုးပုံများ မီးရှို့ခံရ
ကျော်စိုး Rohingya Today
မီးရှို့ခံရသည့် ကောက်ရိုးပုံများနှင့် နွားတင်းကုပ်များ

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စေတီတောင်ကျေးရွာအုပ်စု၊ ဘော်လီရွာမှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွားတင်းကုပ် ၅ ခုနှင့် ကောက်ရိုးပုံ ၄ ပုံ မီးရှို့ခံရသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စေတီတောင်ကျေးရွာအုပ်စု၊ ဘော်လီရွာရှိ ဒေသခံရိုဟင်ဂျာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများ ဖြစ်ကြသည်။ ၎င်းတို့၏ စိုက်ပျိုးရေးအတွက် ခိုင်းကျွဲနွားများလည်း မွေးမြူကြသည်။ 

စေတီတောင်ကျေးရွာအုပ်စု ဘော်လီရွာ၏ မြောက်ဘက်၊ ဆယ်မိနစ်ခန့် သွားရသည့် အကွာအဝေးတွင် ဘော်လီရွာမှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် တောင်ကုန်းနှင့် စားကျက်မြေရှိသည်။ ယင်းမြေနေရာများတွင် ဆောင်းရာသီ၌ ငရုတ်၊ ပဲ၊ အာလူး၊ ဘူးသီး၊ ဖရုံသီး စသည်များ ဟင်းစားသီးနှံများ စိုက်ပျိုးလေ့ရှိပြီး၊ မိုးရာသီတွင် ခိုင်းကျွဲနွားများကို ကျွေးရန် ကောက်ရိုးများ ပုံထားလေ့ရှိသည်။ 

ယနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ နံနက်ပိုင်းတွင် ဟင်းခင်းပိုင်ရှင်များက ဟင်းခင်းများတွင် ရေလောင်းပြီးနောက် နေ့လည်ပိုင်းတွင် နေ့လည်စာ စားသောက်ရန် ၎င်းတို့၏ နေအိမ်များသို့ ပြန်သွားခဲ့ကြသည်။ 

နေ့လည် ၂ နာရီခန့် အချိန်တွင် စားကျက်၏ မြောက်ဘက်စွန်းမှ ကောက်ရိုးပုံနှင့် နွားတင်းကုပ်များ မီးလောင်နေသည်ကို ရွာသားများက တွေ့ရှိပြီး သွားကြည့်ရာ ရခိုင်လူမျိုးနှစ်ဦး ထွက်ပြေးသွားသည်ကို မြင်တွေ့သည်ဟု ရွာသားတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

မီးအပူရှိန်ကြောင့် ကောက်ရိုးပုံနှင့် နွားတင်းကုပ်များ၏ ပတ်ပတ်လည်တွင်ရှိသော ဟင်းခင်းများလည်း ပျက်စီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။ 

“ကျွန်တော်တို့မှာ လုပ်ကိုင်စားသောက်ဖို့ ခက်နေတဲ့အချိန်မှာ အခုလို ဟင်းခင်းတွေ ပျက်စီးသွားတဲ့အတွက် စားဝတ်နေရေးပါ ထိခိုက်လာမယ်” ဟု ရွာသားတစ်ဦးက ပြောသည်။

“ကောက်ရိုးပုံတွေ မီးရှို့ခံရတာကြောင့် မိုးရာသီမှာ ခိုင်းကျွဲနွားတွေကို ကျွေးဖို့ အစာမရှိရင် မိုးစပါး စိုက်ဖို့ပါ အခက်ကြုံလာနိုင်တယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။ 

အခြားရွာသားတစ်ဦးက မိမိတို့၏ နွားတင်းကုပ်များ၊ ကောက်ရိုးပုံများကို မီးရှို့ပြီး မြေများ သိမ်းယူရန် ကြံစည်နေသည်လားဟု သံသယ ဖြစ်မိသည်ဟု ဆိုသည်။ 

မီးရှို့ခံရသည့် ကောက်ရိုးပုံများနှင့် နွားတင်းကုပ်များ၏ ပိုင်ရှင်များမှာ -- (၁) ဦးနူရ်မာမတ် (၂) ဦးမာမတ်ရှားကဲရ် (၃) အဒူရော်ရှိတ် (၄) ဦးနူရ်မာမတ် (၅) ဦးကာမာလ်ဟူဆောင်း -- တို့ဖြစ်ကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ