မောင်တော အ.ထ.က (၁) မှ ဆရာ/မ များက စာမေးပွဲဖြေဆိုနေသည့် ရိုဟင်ဂျာကျောင်းသား/သူ များထံမှ ဓါးပြသဖွယ် ငွေကောက်ခံနေ
၀င်းမင်းစိုး Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အ.ထ.က (၁) မှ ဆရာ/မ များက စာမေးပွဲ ဖြေဆိုနေသည့် ရိုဟင်ဂျာကျောင်းသား/သူများထံမှ ဓါးပြသဖွယ် ဆက်လက်၍ ငွေကောက်ခံနေသည်။

မောင်တောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) မှ ကျောင်းဆရာ၊ ဆရာမများသည် ရိုဟင်ဂျာ ကျောင်းသား/သူများထံမှ ပဉ္စမတန်းကျောင်း/သူ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀/-၊ ဆဋ္ဌမတန်း ကျောင်းသား/သူ တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀/-၊ သတ္တမတန်း ကျောင်းသား/သူ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀/-၊ နဝမတန်း ကျောင်းသား/သူ တစ်ဦးလျှင် ငွေကျပ် ၃၅၀၀၀/- စီ အတင်းအဓမ္မ ခြိမ်းခြောက်၍ ကောက်ခံလျက်ရှိသည်။ 

၎င်းတို့ တောင်းခံသည့် ငွေကိုပေးရန် ပျက်ကွက်သည့် ကျောင်းသား/သူများသည် စာမေးပွဲ၌ မည်မျှပင် ကောင်းစွာ ဖြေနိုင်ပါစေ အောင်စာရင်း၌ ပါလာမည် မဟုတ်ကြောင်း၊ ၎င်းအတန်းများသည် အစိုးရစစ် စာမေးပွဲမဟုတ်သည့်အတွက် အတန်းပိုင်ဆရာ/မ များ၏ ဖောင်တိန်ကသာ အောင်/ရှုံးကို အဆုံးအဖြတ်ပေးမည် ဖြစ်ကြောင်း ဆို၍ ဆရာ/မ များက ရိုဟင်ဂျာကျောင်းသား/သူ များကို ခြိမ်းခြောက်၍ ငွေကောက်ခံနေခြင်း ဖြစ်သည်။ 

ငွေကောက်ခံနေသည့် သတင်း “မောင်တော အ.ထ.က (၁) မှ ဆရာ/မများက ရိုဟင်ဂျာကျောင်းသား/သူများကို တောင်းသည့်ငွေ မပေးလျှင် စာမေးပွဲ ကျရှုံးမည်ဟု ခြိမ်းခြောက်နေ” ကို ဖေဖော်ဝါရီလ (၃) ရက်နေ့က ဖော်ပြပြီးနောက် ဆရာ/မ များက ငွေကောက်ခံနေမှုကို နှစ်ရက်ကြာ ရပ်တန့်ခဲ့သော်လည်း ယခု ပြန်လည်၍ ကောက်ခံနေကြောင်း ကျောင်းသား/သူများ၏ မိဘများက Rohingya Today သို့ပြောပါသည်။ 

ငွေများကို ဆရာ/မ ကိုယ်တိုင် ကောက်ခံနေခြင်း မဟုတ်ဘဲ အတန်းခေါင်းဆောင်များမှ တဆင့် ကောက်ခံနေခြင်း ဖြစ်ပြီး၊ ကျောင်းသို့ ငွေယူမလာသည့် ကျောင်းသား/သူ များကို ဆရာ/မ များ၏ နေအိမ်များသို့ လာပေးရန် မှာကြားသည်ဟု ကျောင်းသား မိဘတစ်ဦးက ပြောသည်။ ငွေပေးရန် ပျက်ကွက်သည့် ကျောင်းသား/သူ များကို မဖြစ်ဖြစ်အောင် ရှုံးပေးမည်ဟု ဆရာ/မ များက လူသိရှင်ကြား ခြိမ်းခြောက်ထားသဖြင့် ကျောင်းသား/သူ အများစုက ဓါးပြသဖွယ် တောင်းခံသည့် ငွေများကို ပေးလိုက်ပြီ ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

ဖေဖော်ဝါရီလ (၄) ရက်နေ့မှစ၍ ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်းနှင့် နဝမတန်းများကို စာမေးပွဲ စစ်နေသည်။ လာမည့် တနင်္လာနေ့ (ဖေဖော်ဝါရီလ ၁၁ ရက်နေ့) သည် စာမေးပွဲနောက်ဆုံးနေ့ ဖြစ်၍ ငွေပေးရန် ကျန်နေသည့် ကျောင်းသား/သူများကို တနင်္လာနေ့ ငွေယူလာရန် မှာထားသည်။

ဆရာ/မများက ယခုကဲ့သို့ ဓါးပြသဖွယ် ငွေကောက်ခံနေသည်ကို ကျောင်းအုပ်ကြီး၊ မြို့နယ် ပညာရေးမှူးတို့က သိရှိသော်လည်း၊ ဆရာ/မ များကို မည်သို့မျှ ဟန့်တားခြင်း မရှိကြောင်း မောင်တောခရိုင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှ တာဝန်ခံ ဦးဝင်းမြင့်က ပြောပါသည်။ မြို့နယ် ပညာရေးမှူးရုံးသည် မောင်တော အ.ထ.က (၁) ၏ ခြံဝင်းအတွင်းထဲ၌ တည်ရှိသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ