မောင်တော အ.ထ.က (၁) မှ ဆရာ/မများက ရိုဟင်ဂျာကျောင်းသား/သူများကို တောင်းသည့်ငွေ မပေးလျှင် စာမေးပွဲ ကျရှုံးမည်ဟု ခြိမ်းခြောက်နေ
၀င်းမင်းစိုး Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း အမှတ် (၁) မှ ဆရာ၊ ဆရာမများသည် ရိုဟင်ဂျာကျောင်းသား/သူ များထံမှ ငွေကောက်ခံလျက်ရှိပြီး၊ ငွေမပေးလျှင် စာမေးပွဲ ရှုံးအောင် လုပ်ပေးမည်ဟု ခြိမ်းခြောက်နေသည်။

ဖေဖော်ဝါရီလ (၄) ရက်နေ့မှစ၍ ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်းနှင့် နဝမတန်းများကို စာမေးပွဲစစ်မည် ဖြစ်ပြီး၊ ဆရာ ဆရာမများက ရိုဟင်ဂျာကျောင်းသား/သူများကို စာမေးပွဲအောင်လိုလျှင် သူတို့ တောင်းသည့်ငွေ ပေးရမည် ဖြစ်ကြောင်း၊ သူတို့တောင်းသည့်ငွေကို ပေးရန်ပျက်ကွက်သည့် ကျောင်းသား/သူ များသည် စာမေးပွဲ၌ မည်မျှပင်ကောင်းစွာ ဖြေနိုင်ပါစေ အောင်စာရင်း၌ ပါလာမည် မဟုတ်ကြောင်း၊ ၎င်းအတန်းများသည် အစိုးရစစ် စာမေးပွဲ ဖြေဆိုရခြင်း မဟုတ်သည့်အတွက် အတန်းပိုင်ဆရာ ဆရာမ များ၏ ဖောင်တိန်ကသာ အောင်/ရှုံး ကို အဆုံးအဖြတ်ပေးမည် ဖြစ်ကြောင်း ပြောဆို၍ ဆရာ ဆရာမ များက ရိုဟင်ဂျာ ကျောင်းသား၊ ကျောင်းသူ များကို ခြိမ်းခြောက်၍ ငွေကောက်ခံနေသည်။ ရခိုင်လူမျိုး ကျောင်းသား/သူ များထံမှ ကောက်ခံနေခြင်း မရှိပေ။

ကျောင်းသားမိဘတစ်ဦးက "ကျနော့်သမီးက သတ္တမတန်း တက်နေတာဗျာ။ အတန်းပိုင် ဆရာမက ငွေ ၃ သောင်း တောင်းနေတယ်၊ မပေးရင် စာမေးပွဲမှာ ဘယ်လောက်ပဲ အမှတ်ရရ အောင်မပေးဘူး ဆိုပြီး ငွေတောင်းနေတယ်။ မပေးရင် သမီးကို ရှုံးအောင်လုပ်ပေးမလားလည်း ကြောက်နေရတယ်။ ငွေ ၃ သောင်းပေးနိုင်ဖို့ကလည်း မတတ်နိုင်ပြန်ဘူး။ ငွေမပေးနိုင်လို့ သမီး ကျောင်းမတက်ရဲတော့တာ သုံးလေးရက် ရှိနေပြီ။ မနက်ဖြန် စာမေးပွဲဆိုတော့ လိုက်ပို့ရင်းနဲ့ ကျောင်းအုပ်နဲ့ သွားတွေ့မလိုတော့ စဉ်းစားထားတယ်။" ဟု Rohingya Today သို့ ပြောပါသည်။

Maungdaw School
မောင်တောမြို့နယ်၊ အ.ထ.က (၁) မှ ကျောင်းသား/သူ ဦးရေ ဇယားတွင် ရိုဟင်ဂျာများကို ဘင်္ဂါလီဟု ရေးသားထားသည်။ ၂၀၁၈ ဇွန်လတွင် ရိုက်ကူးထားသည့်ပုံ ဖြစ်သည်။

ကောက်ခံနေသည့် အတန်းလိုက် ငွေပမာဏမှာ ပဉ္စမတန်း ကျောင်းသား/သူ တစ်ဦးလျှင် ၂၀၀၀၀ ကျပ်၊ ဆဋ္ဌမတန်း ကျောင်းသား/သူ တစ်ဦးလျှင် ၂၅၀၀၀ ကျပ်၊ သတ္တမတန်း ကျောင်းသား/သူ တစ်ဦးလျှင် ၃၀၀၀၀ ကျပ်၊ နဝမတန်း ကျောင်းသား/သူ တစ်ဦးလျှင် ၃၅၀၀၀ ကျပ် ဖြစ်သည်။

နဝမတန်း သင်ကြားနေသည့် ဆရာမတစ်ဦးဖြစ်သည့် ဒေါ်ဦးဆန်းရီကလည်း ၎င်း၏အိမ်အတွက် လျှပ်စစ်ပေါင်းအိုးဝယ်ရန် ငွေလိုအပ်နေသည်ဟုဆိုကာ ရိုဟင်ဂျာကျောင်းသား/သူ တစ်ဦးမှ ငွေ ၂၀၀၀ ကျပ်ကျစီကို လွန်ခဲ့သည့် ဇန်နဝါရီလတွင် ကောက်ခံခဲ့သည်။ ထိုစဉ်ကလည်း ရခိုင်ကျောင်းသား/သူ များထံမှ ကောက်ခံခြင်း မရှိခဲ့ပေ။ မောင်တောမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ဆရာ ဆရာမ အများစုသည် ရခိုင်လူမျိုးများဖြစ်ကြပြီး ရိုဟင်ဂျာ ကျောင်းသား/သူ များကို ၂၀၁၂ ခုနှစ်မှစ၍ ပေါ်ပေါ်တင်တင် ခွဲခြားဆက်ဆံလျက်ရှိသည်။ ရိုဟင်ဂျာ ကျောင်းသား/သူ များကို "ကုလား၊ ဘင်္ဂလီ" စသော အသုံးအနှုန်းများဖြင့် နှိမ့်ချခေါ်ဝေါ် ဆက်ဆံတတ်သည့်အပြင် မကြာခဏဆိုသလို အကြောင်းအမျိုးမျိုး ပြ၍ ငွေကောက်ခံခြင်းများလည်း ပြုလုပ်သည်။ သင်ခန်းစာများကိုလည်း ကောင်းစွာ သင်ပြခြင်းမရှိဘဲ စာသင်ပြရမည့်အချိန်များတွင် ဆရာ ဆရာမ အချင်းချင်းသာ အုပ်စုဖွဲ့၍ စကားပြောနေတတ်သည်။ ဆရာ ဆရာမ များက ကျောင်းစည်းကမ်းကို နေ့စဉ် ချိုးဖောက်နေသော်လည်း ကျောင်းအုပ်ကြီးက မည်သို့မျှ ဟန့်တား ဆုံးမ သတိပေးခြင်းလည်း မရှိသည်ကို လေ့လာတွေ့ရှိရသည်။

ဤလုပ်ရပ်များသည် ရိုဟင်ဂျာ ကျောင်းသား/သူ များ ပညာအပေါ် စိတ်ဝင်စားမှု လျော့နည်းလာအောင် တမင်တကာ ကြံစည်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု မောင်တောမှ ပညာတတ်ရိုဟင်ဂျာ အသိုင်းအဝိုင်းက သုံးသပ်နေကြပါသည်။

အကယ်၍ ငွေကောက်ခံနေခြင်းများကို မရပ်တန့်ပါက တိုင်း၊ ဗဟို အဆင့်ပညာရေးဌာနများသို့ အဆင့်ဆင့် တင်ပြသွားမည်ဟု ကျောင်းသား မိဘများအချို့က Rohingya Today သို့ ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ