ဘူးသီးတောင် သိမ်တောင်ပြင်တွင် ရွာသားများကို ဆေးကုသပေးရန်ဟုဆိုကာ လူ ၅ ဦး လာရောက်၍ ဆေးကုသမှုမပေးဘဲ ဓါတ်ပုံ၊ ဗီဒီယို မှတ်တမ်းများ ရိုက်ယူသွား
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာအုပ်စုသို့ ရွာသားများကို ဆေးကုသပေးရန်ဟု ဆိုကာ အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး၊ လူ နှစ်ဦး သုံးဦးကို ဆေးကုသမှုပေးနေသည့် အနေအထားဖြင့် ကြည့်ရှုကာ ဓါတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

ရန်ကုန်မြို့မှ ဆေးပါရဂူ ဆရာဝန်များအဖွဲ့တစ်ဖွဲ့သည် သိမ်တောင်ပြင် မွတ်စလင်ရွာသို့ မကြာခင်လာရောက်၍ ရွာသားများကို ဆေးကုသမှုပေးရန် ရှိကြောင်း၊ စာသင်ကျောင်းတစ်ကျောင်းတွင် ဆေးကုသမှုခံယူရန် လာရောက်ရမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ ရွာဆော်က ဒီဇင်ဘာလ (၃) ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ကြေညာခဲ့သဖြင့် ဒေသခံရွာသားများက ဆရာဝန်များထံတွင် ဆေးကုသမှု ခံယူနိုင်မည် ဆိုသည့် မျှော်လင့်ချက်ဖြင့် ရွာသူရွာသား သုံးရာကျော်  စုဝေးခဲ့ကြသည်။ 

နံနက် ၁၁ နာရီအချိန်တွင် လူ ၅ ဦးခန့်ရှိသည့် အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး တစ်ဦးက လူနာ ရွာသား နှစ်ဦး သုံးဦးကို ကြည့်ရှုစစ်ဆေးနေသည့် ဆရာဝန်အဖြစ် သရုပ်ဆောင်၍ ကျန်အပေါင်းအပါများက ဓါတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးပြီးနောက် ဆေးကုသမှု လုံး၀ မပေးဘဲ စောင့်ဆိုင်းနေသည့် ရွာသူရွာသားများကို ဆပ်ပြာတစ်တောင့်စီ ပေး၍ မွန်းတည့် ၁၂ နာရီအချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိမ်တောင်ပြင် ရွာသားတစ်ဦးက Rohingya Today သို့ပြောသည်။ 

ဆယ်စုနှစ် (၃) ခုခန့် လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ခံထားရပြီး ကာလကြာရှည်စွာ ကျန်းမာရေး စောင့်ရှောက်မှု ငတ်နေကြသည့် ရိုဟင်ဂျာများကို မဟုတ်မမှန် မျှော်လင့်ချက်ပေး၍ ၎င်းတို့၏ ဖြူစင်ရိုးသား အယုံလွယ်၊ မှီခိုအားထားတတ်မှုကို အသုံးချ အခွင့်ကောင်းယူပြီး လိမ်လည်ပြသနိုင်ရန် ဓါတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ယူသွင်းခြင်းသည် အလွန်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လူသားမဆန်သည့် လုပ်ရပ်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ