ရိုဟင်ဂျာပိုင် လယ်မြေများအတွက် မြေခွန်ပြေစာများ ရောင်းချရာတွင် ငွေအဆမတန်တောင်း၊ အချို့ကို လုံးဝမရောင်းဘဲ သိမ်းထားခြင်းများ ပြုလုပ်နေ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာတာဝန်ကျ စာရေးများက ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေများအတွက် မြေခွန်ပြေစာများ ရောင်းချရာတွင် ငွေအဆမတန် တောင်းခံခြင်းနှင့် အချို့ကျေးရွာအုပ်စုများတွင် ပြေစာများ လုံး၀ မရောင်းချဘဲ သိမ်းထားမှုများ ပြုလုပ်လျက်ရှိသဖြင့် ရိုဟင်ဂျာများသည် လယ်ယာမြေပိုင်ဆိုင်မှု အထောက်အထားမဲ့ ဖြစ်သွားရသည်။ 

ဘူးသီးတောင်မြို့နယ်တွင် နေထိုင်သည့် လူဦးရေ ၈၀% ကျော်သည် ရိုဟင်ဂျာလူမျိုးများ ဖြစ်ကြသော်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျေးရွာအဆင့် စာရေးများ ခန့်အပ်ရာတွင် ၉၀% ကျော်ကို ရခိုင်လူမျိုးများသာ ခန့်အပ်ထားသည်။ ရခိုင်လူမျိုး စာရေးများသည် ရိုဟင်ဂျာများအား မြေခွန်ပြေစာများ ရောင်းချရာတွင် တစ်ဧကလျှင် ၂၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ တိုးမြှင့်ရောင်းချနေကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

လယ်ယာမြေအသစ်ဝယ်ခြင်း၊ အမွေခွဲဝေခြင်း စသည့် နာမည်ပြောင်း၍ အသစ်ထွက်လာသော ပြေစာများကို သိမ်းထားပြီး တစ်စောင်ကို ငွေကျပ် ငါးသောင်းမှ တစ်သိန်း အထိ ညှစ်ယူ၍ ရောင်းချနေသည်ဟု ဒေသခံများက ဆိုသည်။ 

မြေစာရင်းဦးစီးဌာမှ ပြေစာတစ်စောင်လျှင် ၂၀ ကျပ်မှ ၈၀ ကျပ်ဖြင့်သာ ရောင်းချရန် သတ်မှတ်ထားသော်လည်း စာရေးများက တိုးမြှင့်၍ ရောင်းချနေသည်ကို မေးမြန်းပါက “မင်းတို့ ကုလားတွေ၊ ငါတို့ ပြောသလို နေရမယ်၊ မနေချင်ရင် နိုင်ငံထဲကနေ ထွက်သွား”  ဟု စော်ကား ဆဲဆိုခြင်းများ ပြုလုပ်လေ့ရှိသည်။

ဘူးသီးတောင်မြို့နယ်ရှိ ပြိုင်းတောင်၊ သိမ်တောင်ပြင်၊ ကျောက်ရန်၊ သပိတ်တောင်၊ ဂူတာပြင်၊ စိမ်းညှင်းပြား စသည့် ကျေးရွာအုပ်စု ၁၅ စုကျော်တွင် ငွေကြေးတိုးမြှင့်၍ ပြေစာများ ရောင်းချခဲ့သော်လည်း သေကံခွဆုံ၊ ကျောက်ဖြူသားသေကံ၊ ပြင်လှသိန်းတန်၊ ဆေးအိုးကျ၊ ဝရကျွန်း၊ ကကျက်ဘက်၊ မြောင်းနား၊ အလယ်ချောင်း၊ ဖရုံချောင်း၊ ဖိုးခေါင်ချောင်း၊ ဘုရားပြင်အောင်ပ၊ အထက်ကျွဲကြိုမော်၊ ဒု-အိုးသည်မ စသည့် ရိုဟင်ဂျာကျေးရွာအုပ်စု ၅၀ စုကျော်တွင် ယခုအချိန်ထိ ပြေစာများ ရောင်းချခြင်း မရှိသေးကြောင်း သိရသည်။ 

မြေစာရင်းဦးစီးဌာနမှ ပြေစာများ ထုတ်ပေးလိုက်သည်မှာ ယခုဆိုလျှင် တစ်လကျော်သွားပြီ ဖြစ်သော်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအဆင့် တာဝန်ကျစာရေးများက ရိုဟင်ဂျာများအား မရောင်းချဘဲ သိမ်းထားခြင်းမှာ ရိုဟင်ဂျာများ၏ လယ်ယာမြေများ အထောက်အထားမဲ့ ဖြစ်အောင် ၎င်းတို့ အချင်းချင်း ဆွေးနွေးတိုင်ပင်၍ ယခုကဲ့သို့ တမင်လုပ်ဆောင်နေခြင်းဟု ဒေသခံများက သုံးသပ်နေကြသည်။

၂၀၁၇ ခုနှစ်တွင်လည်း များစွာသော ရိုဟင်ဂျာများကို မြေခွန်ပြေစာများ ထုတ်မပေးခဲ့ခြင်းကြောင်း အထောက်အထားမဲ့ ဖြစ်သွားခဲ့ရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ