ဘူးသီးတောင် ကျောက်ဖြူသားသေကံတွင် တဖက်နိုင်ငံရောက် ဒုက္ခသည်များ၏ အိမ်အလွတ်များကို ဖြိုဖျက်၍ လယ်ယာလုပ်ငန်းသုံး အဆောက်အဦနှင့် အိမ်သုံးထင်းများအဖြစ် အသုံးပြုနေ
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူသားသေကံ ကျေးရွာအုပ်စုမှ တဖက်နိုင်ငံရောက် ဒုက္ခသည်များ၏ အိမ်အလွတ်များကို ဖြိုဖျက်၍ လယ်ယာလုပ်ငန်းသုံး အဆောက်အဦများနှင့် အိမ်သုံးထင်းများ အဖြစ် အသုံးပြုလျက်ရှိသည်။ 

ကျောက်ဖြူသားသေကံကျေးရွအုပ်စု ဒါနိုမျာရွာမှ ဟာဖီးဇ် ဦးမိုဟမ္မဒ်တွာဟဲရ် (ဘ) ဦးအာမီးရ်ဟူစိန်း (အသက် ၄၀ နှစ်) ၏ နေအိမ်သို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကေထွန်း (ခ) ယောဒူ က သား (၃) ဦးနှင့် အတူသွားရောက်၍ ကိုယ်တိုင်ဖြိုဖျက်ပြီး လှေဖြင့် သယ်ဆောင်သွားကာ ၎င်း၏ ခြံဝင်းအတွင်း နွားရုံ ဆောက်လုပ်ခဲ့သည်။ 

ထို့အပြင် သေကံရွာမှ ဦးရုစ်တုမ်အလီ (ဘ) ဦးအဗ်ဒူလ်မူနာဖ် (အသက် ၃၅ နှစ်)၊ ဦးအာဘူလ်ကာလာမ် (ဘ) ဦးနာဂူး (အသက် ၄၀ နှစ်) နှင့် ဦးအဘူဆယိဒ် (ဘ) ဦးလော်တူမျာ (အသက် ၅၅ နှစ်) တို့၏ နေအိမ်များကိုလည်း ဦးမောင်ကေထွန်းက ဖြိုဖျက်၍ ၎င်း၏ နေအိမ်သို့ ယူဆောင်သွားပြီး စပါးဂိုဒေါင်ကြီး တစ်လုံး ဆောက်လုပ်ပြီး၊ ကျန်ရှိသည့် သစ်သားများနှင့် ဝါးများကို အိမ်သုံးထင်းအဖြစ် အသုံးပြုနေကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

တဖက်နိုင်ငံရောက် ဒုက္ခသည်များ၏ အိမ်အလွတ်များကို ဖြိုဖျက်၍ သယ်ဆောင်သွားသည့် ဦးမောင်ကေထွန်းကို အိမ်များ ဖြိုဖျက်နေစဉ် ရွာသားများက တွေ့ရှိပြီး ဟန့်တားရန် ကြိုးစားခဲ့သော်လည်း ၎င်းက “မင်းတို့ ကုလားတွေ အေးဆေးနေ၊ မနေရင် အသတ်ခံရမယ်” ဟု ဆဲဆိုခြိမ်းခြောက်ခဲ့ကြောင်း သေကံရွာသားတစ်ဦးက ပြောသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကေထွန်းသည် ဘူးသီးတောင်မြို့နယ် ဦးကျော်သာစည်ကျေးရွာအုပ်စုနေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် တူတော်စပ်သဖြင့် လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစား လုပ်ပြီးတိုင်း “ကြိုက်တဲ့နေရာမှာ သွားတိုင်၊ ဂရုမစိုက်ဘူး” ဟု မကြာခဏပြောဆိုလေ့ရှိကြောင်း ဒါနိုမျာ ရွာသားတစ်ဦးက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ