ဘူးသီးတောင် ဘုရားပြင်အောင်ပတွင် ပြုပြင်မွမ်းမံမည့် မူကြိုကျောင်းတစ်ကျောင်းကို အကြောင်းပြ၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ရွာသားများထံမှ ငွေကောက်ခံနေ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့သည် ဘုရားပြင်ရွာရှိ ပြုပြင်မွမ်းမံမည့် မူကြို စာသင်ကျောင်းတစ်ကျောင်းကို အကြောင်းပြ၍ ရွာသားများထံမှ ငွေကောက်ခံလျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကြီး (အသက် ၄၃ နှစ်ခန့်) သည် ဘုရားပြင်ရွာရှိ မကြာခင် ပြုပြင်မွမ်းမံမည့် အစိုးရပိုင် မူကြိုစာသင်ကျောင်းတစ်ကျောင်းကို အကြောင်းပြ၍ ကျေးရွာတာဝန်ခံ ဦးဇူဘိုက်ရ် (ဘ) ဦးတွာဟဲရ်၊ ကျောင်းကော်မတီဝင် (၃) ဦးတို့နှင့် ပူးပေါင်း၍ ရွာသားများထံမှ ငွေကောက်ခံနေကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ ဘုရားပြင်ကျေးရွာတွင် ယခင်က အစိုးရအလယ်တန်းကျောင်းရှိရာ နေရာတွင် အစိုးရက လွန်ခဲ့သည့် ၁၀ နှစ်ခန့်က မူကြိုစာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်ပေးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ် ပြုပြင်မွမ်းမံခဲ့သည်။ 

ဒီဇင်ဘာလ (၄) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဦးမောင်ကြီး၊ တာဝန်ခံ ဦးဇူဘိုက်ရ်နှင့် ဆွေမျိုးတော်စပ်သူ (၃) ဦးဖြင့် ကျောင်းကော်မတီဟု ခေါင်းစဉ်တပ်ကာ ကံစမ်းမဲအစီအစဉ်ဖြင့် အလှူခံပွဲကျင်းပရန် လက်မှတ်တစ်စောင်လျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ငွေကျပ် သိန်း ၄၀ ကျော် တန်ဖိုးရှိ လက်မှတ်ပေါင်း ၈၀၀ ကျော်ကို ရွာသားများအား အတင်းအဓမ္မ ရောင်းချနေသည်ဟု ဘုရားပြင်ရွာသားတစ်ဦးက ပြောပါသည်။ 

အဆိုပါ မူကြိုကျောင်းကို အလှူရှင်အဖွဲ့တစ်ဖွဲ့၏ အလှူငွေများဖြင့် ပြုပြင်မွမ်းမံသွားရန် အစီအစဉ်ရှိသော်လည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ၎င်းတို့ ကိုယ်ကျိုးအတွက် ရွာသားများထံမှ အတင်းအဓမ္မ ကောက်ခံနေခြင်း ဖြစ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ