မောင်တောမြို့ပေါ်ရှိ မြို့မဗလီကြီးတွင် ဝတ်မပြုရန် အာဏာပိုင်များက ပြင်းထန်စွာ တားမြစ်
၀င်းမင်းစိုး Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မအနောက်ရပ်ကွက်ရှိ မြို့မဗလီကြီးတွင် ဝတ်မပြုရန် အာဏာပိုင်များက ခြိမ်းခြောက်၍ ပြင်းထန်စွာ တားမြစ်ခဲ့သည်။ 

ဒီဇင်ဘာလ (၃) ရက်နေ့ နေ့လည် ၂ နာရီခန့်အချိန်တွင် ရိုဟင်ဂျာအချို့သည် မြို့မဗလီကြီးမှ ဝတ်ပြုပြီး ထွက်လာနေသည်ကို လမ်းမှ ဖြတ်သွားနေသည့် ခရိုင်ရဲမှူးက တွေ့ရှိပြီး ရဲစခန်းသို့ သွားရောက်၍ ရဲတပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည်။ ထို့နောက် ဝတ်ပြုပြီး ထွက်လာသူများကို နယ်ထိန်းရဲတပ်ဖွဲ့ဝင် (၄) ဦးက ရပ်တန့်ခိုင်းပြီး “မင်းတို့ကို ဘယ်သူဝင်ခိုင်းလဲ၊ ဝတ်ပြုမှုကို ဘယ်သူဦးဆောင်ခဲ့လဲ” ဟု မေးမြန်းသဖြင့် ဗလီကြီးတွင် ဝတ်ပြုသူများက “အရင်ကလို အဝေးကလူတွေ မလာပါဘူး၊ ဒီအနီးအနားက ရပ်ကွက်သားနဲ့ ဈေးဆိုင်သည် အနည်းငယ်သာ ဝင်ပြီး၊ အိမ်သာတက်ချင်သူက အိမ်သာတက်တယ်၊ အချို့က မျက်နှာသစ်တယ်၊ ဒီကြားထဲ ဝတ်ပြုချိန်ရောက်ရင်လည်း အရင်က စုပေါင်း ဝတ်ပြုခဲ့သလို မဟုတ်ဘဲ ကိုယ်စီကိုယ်စီ ဝတ်ပြုတယ်၊ ပြီးရင် ပြန်သွားကြတယ်၊ ကျွန်တော်တို့ ဒီအတိုင်းပဲ လုပ်တာပါ” ဟု ဖြေကြားခဲ့သည်။ 

ရဲတပ်ဖွဲ့ဝင်များက “နောက်ထပ် လုံး၀ မဝင်ရဘူး၊ နောက်ထပ်ဝင်ရင် အရေးယူမယ်” ဟု ပြောဆို၍ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

ယင်းနေ့ ညနေ ၄ နာရီခန့် အချိန်တွင် မြို့မဗလီကြီး၏ ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးမိုဟမ္မဒ်စလီမ် (ဘ) ဦးဟဘီးဘုရ်ရာဟ်မာန် (အသက် ၄၅ နှစ်) ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်၍ ဗလီကြီးကို သော့ခတ်ထားရန် ပြင်းထန်စွာ ကြိမ်းမောင်းပြောဆိုပြီး၊ နောက်နောင် ဖွင့်လျှင် အရေးယူခြင်းခံရမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သောကြောင့် သော့ခတ်ထားရကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

ဗလီကြီး၏ အနီးအနားရှိ ရိုဟင်ဂျာများနှင့် ဈေးဆိုင်သည်များသည် ဒီဇင်ဘာလ (၃) ရက်နေ့မှစ၍ ဗလီကြီးတွင် ဝတ်ပြုခွင့် ပိတ်ပင်ခံရသည်မှာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်ခံရခြင်း ဖြစ်သည့်အတွက် အလွန်ပင် စိုးရိမ်ပူပန်နေကြသည်။ 

၂၀၁၂ ခုနှစ် ဇွန်လ ပဋိပက္ခ ဖြစ်ပွားခဲ့ချိန်မှစ၍ ဒေသဆိုင်ရာ အာဏာပိုင်များက မောင်တောမြို့ပေါ်ရှိ မြို့မဗလီကြီးတွင် ဝတ်မပြုရန် နှုတ်ဖြင့် အကြိမ်ကြိမ် တားမြစ်သောကြောင့် ရိုဟင်ဂျာမွတ်စလင်များသည် ယခင်ကလို နေရာအနှံ့က လူပေါင်းများစွာ ဝင်ရောက်၍ စုပေါင်းဝတ်ပြုခြင်း မပြုဘဲ အနီးအနားရှိ ရပ်ကွက်သားများနှင့် ဈေးဆိုင်သည် အနည်းငယ်ကသာ ဝင်ရောက်၍ အိမ်သာတက်ခြင်း၊ မျက်နှာသစ်ခြင်း၊ ဝတ်ပြုချိန်ရောက်လျှင် ကိုယ်စီ ဝတ်ပြုခြင်းများ ပြုလုပ်ခဲ့ရာ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ပြင်းထန်စွာ တားမြစ်ခြင်းခံရခြင်း ဖြစ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ