မောင်တော မြို့မရွာသစ်ကေရှိ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာပိုင် အိမ်တစ်လုံးကို ဖြိုဖျက်
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မရွာသစ်ကေရပ်ကွက်ရှိ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာပိုင် အိမ်တစ်လုံးကို ဖြိုဖျက်ခဲ့သည်။ 

မောင်တောမြို့နယ် မြို့မရွာသစ်ကေရပ်ကွက်၊ အနောက်အုပ်စုတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် မီးရှို့မခံရဘဲ ကျန်ရှိနေသေးသည့် မော်လဝီ ဦးအီစ်ဟာခ် (အသက် ၆၅ နှစ်) ၏ နေအိမ်သည် ရဲကင်းစခန်းနှင့် နီးကပ်နေသည်ဟု ဆိုကာ ပိုင်ရှင်မိသားစုကို ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှစ၍ အာဏာပိုင်များက နေအိမ်တွင် နေထိုင်ခွင့်မပြုသည့်အပြင် မြို့နယ်နှင့် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ခွင့်ပြုမိန့် တင်သွင်းပြီး နေထိုင်ရန် ညွန်ကြားခဲ့သဖြင့် ၎င်း၏ နေအိမ်တွင် ပြန်လည် နေထိုင်ခွင့်ပြုပါရန် ခွင့်ပြုမိန့် လျှောက်ထားခဲ့သည်။ 

သို့သော်လည်း ယခုအချိန်ထိ နေထိုင်ခွင့် မပြုသည့်အပြင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မြို့မရွာသစ်ကေရှိ ရဲကင်းစခန်းမှ ကင်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်များနှင့် ရခိုင်လူမျိုးအချို့က ယင်းအိမ်ကို ဖြိုဖျက်လိုက်ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

အလားတူ မီးရှို့မခံရဘဲ ကျန်ရှိနေသေးသည့် မြို့မရွာသစ်ကေရပ်ကွက်နှင့် မြို့မမြောက်ရပ်ကွက်တို့ အကြား၊ ဝီမလ တံတားအနီး ရဲကင်းစခန်းရှေ့ရှိ ဦးဒေါလားယား၊ ဦးဟူစိန်း၊ ဦးယူနုစ်၊ ဦးဟားမီးဒ်နှင့် ဦးမဟောလု တို့ ပိုင်ဆိုင်သော အိမ် ၅ လုံးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် မြို့မမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်အောင် ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များ၊ ရခိုင်လူမျိုးအချို့တို့ ပူးပေါင်း၍ ဖျက်ဆီးခဲ့သည်။ 

အိမ်များကို ဖျက်ဆီးပြီး အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦအဖြစ် မြို့မမြောက်ရပ်ကွက် ဥက္ကဌဟောင်း၊ ဦးကျော်အေး၏ ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ပေးနေစဉ် အိမ်ပိုင်ရှင်များက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ ဆောက်လုပ်ရေး လုပ်ငန်းကို လိုအပ်သလို ဟန့်တား ဆောင်ရွက်ပေးပြီး မိမိတို့၏ နေအိမ်များတွင် ပြန်လည် နေထိုင်ခွင့်ပြုပါရန် အသနားခံ လျှောက်ထားခဲ့သော်လည်း တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိခဲ့ပေ။

အိမ်ပိုင်ရှင်များက မြို့နယ်နှင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ အသနားခံစာများ အကြိမ်ကြိမ် ပေးပို့ခဲ့သော်လည်း အာဏာပိုင်များက တစ်စုံတစ်ရာ စီစဉ်ဆောင်ရွက်ပေးခြင်း မရှိသောကြောင်း နေအိမ်များ ဆုံးရှုံးခဲ့ရပြီး၊ အိုးမဲ့အိမ်မဲ့ဘဝဖြင့် မြို့မရွာသစ်ကေရပ်ကွက်ရှိ အခြားသူများ၏ နေအိမ်များတွင် ဝင်ရောက် နေထိုင်နေရသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ