ဘူးသီးတောင် သိမ်တောင်ပြင် ကျေးရွာတာဝန်ခံက နေအိမ်များ ပြုပြင်မွမ်းမံရန် အာဏာပိုင်များထံမှ ခွင့်ပြုမိန့်ယူလာပေးမည်ဟု ဆိုကာ ရွာသားများထံမှ ငွေညှစ်
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သိမ်တောင်ပြင်ကျေးရွာအုပ်စုတွင် ကျေးရွာတာဝန်ခံက နေအိမ်များ ပြုပြင်မွမ်းမံရန် အာဏာပိုင်များထံမှ ခွင့်ပြုမိန့် ယူလာပေးမည်ဟု ဆိုကာ ရွာသားများထံမှ ငွေညှစ်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ သိမ်တောင်ပြင်ကျေးရွာအုပ်စု၊ ကျေးရွာတာဝန်ခံ ဦးရရှီးဒ် (ဘ) ဦးဟာဆန်း (အသက် ၃၆ နှစ်) သည် သိမ်တောင်ပြင် မွတ်စလင်ရွာရှိ လူနေအိမ်များ ပြုပြင်မွမ်းမံနိုင်ရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စသည့် သက်ဆိုင်ရာ အာဏာပိုင်များထံမှ ခွင့်ပြုမိန့် ယူလာပေးမည်၊ အာဏာပိုင်များကို ပေးရန် ငွေလိုအပ်သည်ဟု ဆိုကာ အာနိုဝါရ် (ဘ) ဦးအာနူမျာ (အသက် ၂၁ နှစ်) ထံမှ ငွေကျပ် နှစ်သိန်းနှင့် ဦးအာနူမျာ (ဘ) ဦးဂနူမျာ (အသက် ၃၅ နှစ်) ထံမှ ငွေကျပ် တစ်သိန်းငါးသောင်း အသီးသီး ညှစ်ယူပြီးနောက် ပြုပြင်မွမ်းမံနိုင်သည်ဟု နှုတ်မိန့်ပေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

ကျေးရွာတာဝန်ခံ ဦးရရှီးဒ် ပေးခဲ့သည့် နှုတ်မိန့်အတိုင်း ပြုပြင်မွမ်းမံပြီးနောက် ယခုအခါ သက်ဆိုင်ရာမှ တရားဝင် ခွင့်ပြုမိန့်မရရှိသေးသောကြောင့် နယ်ခြားစောင့်ရဲများက အကြိမ်ကြိမ် လာရောက်၍ ပိုင်ရှင်များကို လိုက်လံရှာဖွေလျက် ရှိနေသည်မှာ ၄၊ ၅ ရက်ရှိနေပြီ ဖြစ်ကြောင်း သိမ်တောင်ပြင်ရွာသားတစ်ဦးက ပြောပါသည်။ 

ငွေပေးထားသူများက ကျေးရွာတာဝန်ခံထံ သွားရောက်၍ “ကျွန်တော်တို့က ငွေပေးထားပြီးပြီ၊ သက်ဆိုင်ရာကို ခွင့်ပြုချက် တင်ထားတာကို အခု ကျွန်တော်တို့ကို လိုက်ရှာနေတဲ့ နယ်ခြားစောင့်ရဲတွေကို ပြောပြီး ရှင်းပေးပါလား” ဟု တောင်းဆိုသောအခါ ဦးရရှီးဒ် “သူတို့ကိုလည်း ငွေပေးလိုက်လေ၊ သူတို့ကိုလည်း ငွေပေးရမှာ” ဟု တာဝန်ခံမှုမရှိဘဲ ပြန်ဖြေသဖြင့် ငွေပေးထားသူနှစ်ဦးက ထပ်မံ၍ ငွေညှစ်ခံရမည်ကို စိုးရိမ်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ