ဘူးသီးတောင် ဘုရားပြင်အောင်ပရှိ ရိုဟင်ဂျာပိုင် လယ်ယာမြေနှင့် စားကျက်များတွင် အလံနီများ စိုက်ထူထား
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်အောင်ပ ကျေးရွာအုပ်စုရှိ ရိုဟင်ဂျာပိုင် လယ်ယာမြေနှင့် စားကျက်အချို့တွင် အာဏာပိုင်များက အလံနီ စိုက်ထူထားသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဘုရားပြင်အောင်ပကျေးရွာအုပ်စုတွင် ရွာနှင့် ကပ်လျက်ရှိသည့် မေယုမြစ်ကမ်းမှ မေယုတောင်သို့ ကားကြီးများဖြင့် သွားလာနိုင်ရန် ဖောက်လုပ်မည့် နှစ်ဖက် မြောင်းများအပါအဝင် ပေ ၁၅၀ ကျယ်သည့် ကားလမ်းအတွက် ဘုရားပြင်အောင်ပ တောင်ဘက်အစွန်းရှိ လယ်ကွင်းပြင်ရှိ ရိုဟင်ဂျာပိုင် လယ်ယာမြေများနှင့် စားကျက်အချို့သို့ နိုဝင်ဘာလ (၂၉) ရက်နေ့က အာဏာပိုင်များ လာရောက်၍ အနီရောင် အလံများ စိုက်ထူထားကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

“သူတို့က ရိုဟင်ဂျာတွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေနဲ့ စားကျက်အချို့မှာ အလံနီတွေ စိုက်ထားတယ်။ ပိုင်ရှင်တွေကို အခုအချိန်ထိ ဘာတစ်ခုမှ အသိပေးတာမျိုး မရှိသေးဘူး။ ကားလမ်းအတွက် မြေလိုတယ်ဆိုရင် ပိုင်ရှင်တွေနဲ့ ညှိနှိုင်းရမယ်၊ သင့်တော်တဲ့ လျော်ကြေးပေးရမယ်၊ အခုက တရားဥပဒေစိုးမိုးမှု လုံး၀ မရှိတော့ သူတို့ လုပ်ချင်သလို လုပ်နေကြတယ်” ဟု ရွာသားတစ်ဦးက ပြောပါသည်။ 

အလံနီစိုက်ထားသည့် နေရာများသည် ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေနှင့် စားကျက်မြေနေရာများသာ ဖြစ်ပြီး ရခိုင်လူမျိုးများ ပိုင်ဆိုင်သည့် လယ်ယာမြေများ လုံး၀ မပါဝင်ပေ။

ယခု အလံနီစိုက်ထားသည့် နေရာများတွင် ရိုဟင်ဂျာ ၃၀ ဦးခန့် ပိုင်ဆိုင်သည့် ဟင်းခင်းများရှိသည့် လယ်ယာမြေ ၁၀ ဧကကျော်နှင့် စားကျက်မြေ ဧက ၃၀ ကျော်ပါဝင်သည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ