ထားဝယ်တွင် ထိန်းသိမ်းခဲ့သည့် ရိုဟင်ဂျာလှေစီးပြေး ဒုက္ခသည် ၉၃ ဦးကို နေရပ်သို့ ပြန်လည် ပို့ဆောင်
အောင်ဇံဝေ Rohingya Today

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မလေးရှားနိုင်ငံသို့ စက်လှေဖြင့် ထွက်ခွာသွားသည့် ရိုဟင်ဂျာလှေစီးပြေး ဒုက္ခသည် ၉၃ ဦးကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီးတွင် သက်ဆိုင်ရာ အာဏာပိုင်များက ထိန်းသိမ်းထားပြီးနောက် နေရပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

နိုဝင်ဘာလ (၂၅) ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီးတွင် တွေ့ရှိခဲ့သည့် ရိုဟင်ဂျာလှေစီးပြေး ဒုက္ခသည် ၉၃ ဦးကို ထိန်းသိမ်းထားပြီးနောက် စစ်တွေမြို့သို့ အစိုးရအစီအစဉ်ဖြင့် ပြန်လည် ပို့ဆောင်ခဲ့ရာ နိုဝင်ဘာလ (၃၀) ရက်နေ့ နေ့လည် ၂း၃၀ နာရီခန့် အချိန်တွင် ပြန်လည် ရောက်ရှိလာကြောင်း စစ်တွေမြို့မှ ဒေသခံများက Rohingya Today သို့ပြောပါသည်။

အာဏာပိုင်များက စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ရိုဟင်ဂျာလှေစီးပြေး ဒုက္ခသည် ၉၃ ဦးကို NVC ကဒ်ပြားများထုတ်ပေးပြီး ညနေ ၅း၃၀ နာရီခန့် အချိန်တွင် နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

ဒုက္ခသည် ၉၃ ဦးမှ အများစုမှာ စစ်တွေမြို့ ဒါးပိုင်နှင့် သဲချောင်ရွာသားများ ဖြစ်ကြသည်။

စစ်တွေမြို့ ဒုက္ခသည်စခန်းများရှိ အမျိုးသမီးများနှင့် ကလေးများ အပါအဝင် များစွာသော ရိုဟင်ဂျာများသည် ပိတ်လှောင်ခံထားရသည့် ဘဝမှ လွတ်မြောက်ရေးအတွက် ကြုံတွေ့ရမည့် အန္တရာယ်အမျိုးမျိုးကို ဂရုမစိုက်တော့ဘဲ မလေးရှားနိုင်ငံသို့ နည်းအမျိုးမျိုးဖြင့် ထွက်ခွာလျက်ရှိသည်။ နိုဝင်ဘာလ ပထမပတ်အတွင်း စစ်တွေမြို့ သဲချောင်းကမ်းခြေမှ မလေးရှားနိုင်ငံသို့ ထွက်ခွာခဲ့သည့် စက်လှေ ၃ စီးလုံးကို သက်ဆိုင်ရာ အာဏာပိုင်များက ထိန်းသိမ်းပြီး မူရင်းနေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ