ဘူးသီးတောင် အခြေစိုက် ခမရ (၅၅၂) တပ်ရင်းက မိကျောင်းဈေးအုပ်စု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ စပါးတောင်း ၂၅၀၀ အတင်းတောင်းခံနေ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သင်္ဂနက်ကျေးရွာအုပ်စု အခြေစိုက် ခမရ (၅၅၂) တပ်ရင်းက မိကျောင်းဈေး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ဆင့်ခေါ်ပြီး စပါးတောင်း ၂၅၀၀ ပေးရမည်ဟု ပြောဆိုခဲ့သည်။

ခမရ (၅၅၂) သည် သင်္ဂနက်ကျေးရွာအုပ်စုမှ သိမ်းယူခဲ့သည့် လယ်ယာမြေများထဲမှ အချို့ကို ယခင်က မိကျောင်းဈေးကျေးရွာအုပ်စု ဆင်သေရွာမှ ဦးအဘူလ်ဖဇာလ် (ဘ) ရွာသူကြီး ဦးနဇူမျာနှင့် ဦးဟမီးဒ်ဟူစိန်း (ဘ) ဦးနဇိရ်ဟူစိန်း တို့နှစ်ဦးမှ တဆင့် ရိုဟင်ဂျာလူမျိုးများကို လုပ်အားခေါ်ယူကာ နှစ်စဉ်အတင်းအဓမ္မ လယ်ယာစိုက်ပျိုးခိုင်းပြီး စပါးများစွာ ရယူခဲ့သည်။

ယခုနှစ် မိုးရာသီအစတွင်လည်း ၎င်းတို့နှစ်ဦးကို ဆင့်ခေါ်၍ လယ်ထွန်ကြရန် တိုက်တွန်းခဲ့သော်လည်း သြဂုတ်လ ဖြစ်စဉ်ကြောင့် အလုပ်သမားများ မရှိသလောက် နည်းသွားသဖြင့် ထွန်ယက်ရန် အဆင်မပြေသဖြင့် မထွန်ယက်နိုင်ခဲ့ပေ။

ယခု စပါးရိတ်သိမ်းရန် အချိန်ရောက်ရှိလာရာ ခမရ (၅၅၂) က မိကျောင်းဈေးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ကို ဆင့်ခေါ်၍ ယင်းကျေးရွာအုပ်စုမှ စပါးတောင်း ၂၅၀၀ တိတိ လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် နောက်ဆုံးထား၍ တပ်ရင်းသို့ အပြည့်အ၀ ပေးသွင်းရန် အမိန့်ပေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

“သတ်မှတ်ကာလအတွင်း မသွင်းကြဘဲ ငြင်းဆန်မယ်ဆိုရင်တော့ မြန်မာနိုင်ငံကနေ ထွက်သွားကြ၊ မဟုတ်ရင် ထိထိရောက်ရောက် အရေးယူခံရမယ်” ဟု သတိပေး ခြိမ်းခြောက်ခဲ့သည်ကို ကျေးရွာလူကြီးများက စိုးရိမ်ပြီး ယင်းကျေးရွာအုပ်စုတွင် ကျန်ရစ်နေသည့် မိသားစု (၂၀၀) စုအနက် မရှိဆင်းရဲသူများနှင့် မုဆိုးမ မိသားစုပေါင်း (၅၀) မှလွဲ၍ ကျန်သည့် မိသားစု (၁၅၀) ကို စပါးတောင်း ၅ တောင်းမှ ၂၀ ထိ ပေးသွင်းရန် ခွဲတမ်း သတ်မှတ်ပေးထားကြောင်း ရွာသားတစ်ဦးက ပြောသည်။

ခမရ (၅၅၂) တပ်ရင်းက လွန်ခဲ့သည့်နှစ် သြဂုတ်လကုန်ပိုင်းတွင် ရိုဟင်ဂျာရွာပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့် အမျိုးသမီးမရွေး သတ်ဖြတ်ခဲ့သည်။ များစွာသော အပြစ်မဲ့ အမျိုးသားများကို ဖမ်းဆီး၍ ထောင်ချခဲ့သည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကိုလည်း အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် တစ်ရွာလုံးနီးပါး တဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေရသည်။

ရခိုင်ဒေသရှိ ရိုဟင်ဂျာလူမျိုးများသည် တစ်နှစ်ထက်တစ်နှစ် ပိုမို၍ အိုးမဲ့အိမ်မဲ့၊ အလုပ်လက်မဲ့ ဖြစ်သွားလျက်ရှိနေကြပြီး၊ ဖြစ်သလို ရပ်တည်နေရသည့်အချိန်တွင် ယခုကဲ့သို့ စစ်တပ်က မတရားသဖြင့် စပါးများ တောင်းခံနေခြင်းကြောင့် လယ်သမားများက စိုးရိမ်မကင်း ဖြစ်နေကြသည်။

ဒေသခံများက ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသည့် နိုင်ငံတော်အစိုးရအနေဖြင့် ဒုက္ခရောက်နေကြသည့် ပြည်သူများကို သနားညှာတာသည့်အနေဖြင့် စပါးတောင်းခံနေခြင်းကို ပိတ်ပင် တားမြစ်နေပေးရန် တောင်းဆိုပါသည်ဟု Rohingya Today သို့ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ