ဘူးသီးတောင် ပြိုင်းတောင်တွင် နယ်ခြားစောင့်ရဲများကို ကျွေးမွေးရသည်ဟုဆိုကာ ရွာသားများထံမှ တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀ စီကောက်ခံနေ
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြိုင်းတောင်ကျေးရွာအုပ်စုတွင် နယ်ခြားစောင့်ရဲများကို ကျွေးမွေးရသည်ဟု ဆိုကာ ရွာသားများထံမှ တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀ စီ ကောက်ခံလျက်ရှိသည်။ 

အလယ်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်းမှ လှုပ်ရှားအဖွဲ့တစ်ဖွဲ့သည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ပြိုင်းတောင်၊ ပ-အိုးသည်မ၊ ဒု-အိုးသည်မ၊ သိမ်တောင်ပြင်၊ ဖရုံချောင်း၊ ဘုရားပြင်အောင်ပ၊ အထက်ကျွဲကြိုမော်၊ ပေါက်တော စသည့် ကျေးရွာအုပ်စုများသို့ တစ်ပတ်တစ်ကြိမ် သွားရောက် ကင်းလှည့်ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံပြီး၊ လူဦးရေ၊ ရွာအခြေအနေ စသည်တို့နှင့် ပတ်သက်၍ လိုအပ်သည်များကို မေးမြန်း၍ ပြန်သွားကြသည်။ 

နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ယင်းအဖွဲ့မှ နယ်ခြားစောင့်ရဲ ၄ ဦးသည် ပြိုင်းတောင်ကျေးရွာအုပ်စုသို့ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ လဘက်ရည်နှင့် အရက်သောက်ရန် ကြက်တစ်ကောင် တောင်းခံခဲ့သဖြင့် ပေးလိုက်ရသည်ကို အကြောင်းပြ၍ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဝင်း (ဘ) ဦးမောင်ကျော်လှ (အသက် ၃၂ နှစ်) နှင့် အဖွဲ့က ရွာသားများထံမှ တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀ စီ ကောက်ခံနေကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

လက်ရှိ အရေအတွက်အရ ပြိုင်းတောင်ကျေးရွာအုပ်စုတွင် ရိုဟင်ဂျာအိမ်ခြေ ၇၀ ကျော်နှင့် ဒိုင်းနက် အိမ်ခြေ ၁၀၀ ကျော် ရှိကြပြီး၊ ယခု ငွေကျပ် ၅၀၀၀ စီ ကို ရိုဟင်ဂျာများထံမှ ကောက်ခံနေခြင်း ဖြစ်ပြီး၊ ဒိုင်းနက် နေအိမ်များထံမှ ကောက်ခံခြင်း မရှိကြောင်း သိရသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ