ဘူးသီးတောင် ပ-အိုးသည်မ ကျေးရွာအုပ်ချုပ်ရေးမှူးက အပြစ်မဲ့ ရိုဟင်ဂျာလယ်သမားတစ်ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့သော်လည်း နယ်မြေရုံးက အရေးမယူ
သိမ်းဝေ Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပ-အိုးသည်မ ကျေးရွာအုပ်ချုပ်ရေးမှူးက အပြစ်မဲ့ ရိုဟင်ဂျာလယ်သမားတစ်ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်ကို နယ်မြေရုံးက စစ်ဆေးတွေ့ရှိခဲ့သော်လည်း တရားမျှတမှု မပေးဘဲ အတင်းအဓမ္မ သဘောတူစေပြီး ပြန်လည် လွှတ်ပေးခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဒု-အိုးသည်မ ကျေးရွာအုပ်စုမှ ရိုဟင်ဂျာလယ်သမား ၂၀ ဦးခန့်သည် ၎င်းတို့ ကျေးရွာအုပ်စုနှင့် ကပ်လျက်ရှိသည့် ပ-အိုးသည်မ ကျေးရွာအုပ်စုသို့ သွားရောက်၍ လယ်ယာမြေများ ငှားရမ်း၍ စပါးစိုက်ပျိုးကြသည်။ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ပ-အိုးသည်မ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင် က ၎င်း၏ စပါးတောင်း ၅၀၀ ခန့်ကို ၎င်း၏ နေအိမ်သို့ ထမ်းပြီး ပို့ဆောင်ပေးရန် ဒု-အိုးသည်မမှ လယ်သမား အားလုံးကို လုပ်အားပေးရန် ခေါ်သဖြင့် လယ်သမားများက လုပ်အားပေး၍ ထမ်းပို့ ပေးခဲ့သည်။

လယ်သမားများထဲမှ အလွန်အလုပ်များ၍ မအားလပ်သောကြောင့် လုပ်အားမပေးနိုင်သည့် လယ်သမား ၄၊ ၅ ဦးအနက် ဦးအဗ်ဒူလ္လာ (ဘ) ဦးကဘီရ်အဟ်မဒ် (အသက် ၃၈ နှစ်) ကို ယင်းနေ့ ညနေပိုင်းတွင် တွေ့သဖြင့် “ဘာလို့ မလာတာလဲ” ဟု ပြောဆိုကာ တုတ်ဖြင့် တစ်ကြိမ် ရိုက်နှက်ခဲ့သည်။

နိုဝင်ဘာလ (၁၉) ရက်နေ့ ည ၆ နာရီအချိန်တွင် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှုှိင်နှင့် ၎င်း၏ ယောက်ဖဖြစ်သူ ဦးမောင်လှဝင်း တို့နှစ်ဦးသည် ဓါးကိုယ်စီ ကိုင်ဆောင်၍ ဦးအဗ်ဒူလ္လာနှင့် အပေါင်းအပါတို့၏ တလင်းသို့ သွားရောက်၍ ဦးအဗ်ဒူလ္လာ ကို ကြိုးဖြင့် ချည်နှောင်၍ ဦးမောင်သန်းလှိုင်၏ နေအိမ်သို့ ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် ဦးအဗ်ဒူလ္လာ ကို သုံးနာရီကျော် ချုပ်နှောင်ထားပြီး ဦးမောင်သန်းလှိုင်နှင့် ဦးမောင်လှဝင်း တို့နှစ်ဦးက စိတ်တိုင်းကျ လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ဦးမောင်သန်းလှိုင်တို့နှစ်ဦးက ဦးအဗ်ဒူလ္လာ ကို စိတ်တိုင်းကျ ရိုက်နှက်ပြီးနောက် ဒု-အိုးသည်မ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာရီဖ်အူလ္လာ (ဘ) ဦးဝဂျိအူလ္လာ (အသက် ၄၀ နှစ်) ထံ ဖုန်းဆက်၍ ဦးအဗ်ဒူလ္လာ ကို ညမထွက်ရ အချိန်တွင် ဖမ်းဆီးရမိထားကြောင်း လိမ်လည်၍ အကြောင်းကြားခဲ့သည်။ ဦးအာရီဖ်အူလ္လာက နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးသို့ ချက်ချင်း သတင်းပို့လိုက်သောကြောင့် နယ်မြေရုံးက ည ၁၀ နာရီခန့် အချိန်တွင် ဦးမောင်သန်းလှိုင်ကို ခေါ်ယူ စစ်ဆေးရာတွင် ဦးအဗ်ဒူလ္လာသည် အပြစ်မဲ့တစ်ဦး ဖြစ်ကြောင်း သိရှိသွားခဲ့သော်လည်း မတရားသဖြင့် ရိုက်နှက်ခဲ့သည့် ဦးမောင်သန်းလှိုင်နှင့် ဦးမောင်လှဝင်း တို့ကို အရေးယူခြင်း မပြုလုပ်သည့်အပြင် ဦးအဗ်ဒူလ္လာအား နှစ်ဖက် ကြေအေး သဘောတူစေခဲ့သည်။

ဦးအဗ်ဒူလ္လာအား နိုဝင်ဘာလ (၂၀) ရက်နေ့ နေ့လည် တစ်နာရီခန့် အချိန်တွင် ဒု-အိုးသည်မ ကျေးရွာအုပ်ချုပ်ရေးမှူးထံ အပ်နှံခဲ့ကြောင်း ဒု-အိုးသည်မမှ ရွာသားတစ်ဦးက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ