ဘူးသီးတောင် ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူးက ရိုဟင်ဂျာလူငယ်များကို ရိုက်နှက်ခြင်း၊ ရိုဟင်ဂျာများပိုင် စားကျက်၊ ဟင်းခင်းများ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူးသည် ၎င်း၏ အကျိုးစီးပွားအတွက် ရိုဟင်ဂျာလူငယ်များကို ရိုက်နှက်ခြင်းနှင့် ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် စားကျက်များ၊ ဟင်းခင်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးသည် ဤတစ်ပတ်အတွင်းတွင် ရိုဟင်ဂျာလူငယ် ၃၀ ဦးခန့်ကို ဘုရားပြင်အောင်ပဈေးရှိ ၎င်း၏ မရီး ပိုင်ဆိုင်သည့် စားသောက်ဆိုင်မှ ဝယ်ယူစားသုံးခြင်း မပြုဘဲ အခြားဆိုင်များမှ ဝယ်ယူစားသုံးခဲ့သည်ကို မကျေနပ်၍ ၎င်း၏ အိမ်သို့ ဆင့်ခေါ်၍ ယောက်ဖဖြစ်သူ ဦးကိုလှ (အသက် ၅၀ နှစ်ခန့်) ကိုအပ်နှံ၍ လူမဆန်စွာ ရိုက်နှက်စေခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

နိုဝင်ဘာလ (၂၅) ရက်နေ့နှင့် ယင်းနေ့ မတိုင်မီ တစ်ပတ်အတွင်း ဘုရားပြင်ရွာမှ ယာစီးန် (ဘ) ဦးဖူတိန်းနား (အသက် ၁၉ နှစ်) အပါအဝင် ရိုဟင်ဂျာလူငယ် ၃၀ ဦးခန့်ကို အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ၎င်း၏ နေအိမ်သို့ အသုတ်လိုက် ဆင့်ခေါ်ပြီးနောက် ယောက်ဖဖြစ်သူ ဦးကိုလှ အား ၎င်း၏ ရှေ့မှောက်တွင်ပင် လူငယ်များအားလုံးကို လူမဆန်စွာ ရိုက်နှက်စေခဲ့ကြောင်း ရွာသားတစ်ဦးက ပြောသည်။ 

"အဲဒီဆိုင်က နယ်ခြားစောင့်ရဲတွေနဲ့ အခြားဌာနဆိုင်ရာတွေ အမြဲထိုင်နေတဲ့ဆိုင်ပါ။ မတရားငွေညှစ်တာတွေ လဘက်ရည်ဖိုးတောင်းတာတွေ ရှိနေလို့ ရိုဟင်ဂျာလူငယ်တွေက တစ်ခုခုစားချင်ရင် အဲဒီဆိုင်မှာ ဝယ်မစားဘဲ နယ်ခြားစောင့်ရဲတွေ၊ ဌာနဆိုင်ရာတွေ အထိုင်နည်းတဲ့ အခြားရခိုင်ဆိုင်တစ်ဆိုင်မှာ ဝယ်စားကြတယ်။ အခု အဲဒီဆိုင်မှာ ထိုင်ပြီး စားသောက်ကြတဲ့ ကလေးတွေကို အုပ်ချုပ်ရေးမှူးအိမ်ကို ခေါ်သွားပြီး ရိုက်တာ။ အုပ်ချုပ်ရေးမှူး ခေါ်တယ်ဆိုတော့ မသွားလို့ မရဘူးလေ” ဟု အဆိုပါ ရွာသားကပြောပါသည်။ 

ဦးကိုလှသည် ဦးမောင်ကြီး၏ ယောက်ဖ (ဇနီး၏ အစ်ကို) ဖြစ်သဖြင့် အုပ်ချုပ်ရေးမှူး၏ အာဏာကို သုံး၍ ရိုဟင်ဂျာများကို ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်း၊ ငွေညှစ်ခြင်း စသဖြင့် ညှဉ်းပန်းနှိပ်စက်လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။ 

ထို့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းအချို့တို့ ပူးပေါင်း၍ ရိုဟင်ဂျာများပိုင်ဆိုင်သော စားကျက်များကို အတင်းအဓမ္မ တူးပေါက်၍ ကျောက်ထုတ်လုပ်ခြင်း၊ ကျောက်များ သယ်ယူနိုင်ရန် စိုက်ခင်းများကို ဖျက်ဆီး၍ လမ်းဖောက်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ထိုကဲ့သို့ မပြုလုပ်ရန် တောင်းဆိုခဲ့သည့် ပိုင်ရှင်များကို “နောက်တစ်ခုခု ပြောရင် အသတ်ခံရမယ်” ဟု ခြိမ်းခြောက်ခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ