ဘူးသီးတောင် ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူးက ရိုဟင်ဂျာများကို ဝါးမရောင်းရန် တားမြစ်ပြီး ရောင်းလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူးသည် ရိုဟင်ဂျာများကို ဝါး၊ ဓနိ မရောင်းရန် တားမြစ်သည့်အပြင် ရောင်းလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်လျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ ကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး အပါအဝင် ၎င်းနှင့် ရင်းနှီးသူ ၄၊ ၅ ဦးတို့ပူးပေါင်းပြီး သက်ဆိုင်ရာ ဌာနများကို လာဘ်ပေး ညှိနှိုင်းပြီး ဝါး၊ ဓနိများကို တစ်ဦးတည်းစနစ်ဖြင့် ရောင်းချလျက်ရှိပြီး အခြားတစ်ဦးက ရောင်းချလာပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်၍ မရောင်းရန် တားမြစ်လျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု ဘုရားပြင်ကျေးရွာမှ သားသမီး ၈ ဦး၏ ဖခင် ဘာသာရေးဆရာ မော်လဝီ ဦးမိုဟီဘုလ္လာ (ဘ) ဦးနဖိအူလ္လာ (အသက် ၄၅ နှစ်) သည် အလွန်ဆင်းရဲသူတစ်ဦးဖြစ်ပြီး သာမာန်လူများနည်းတူ ကျဘမ်း အလုပ်လုပ်ရခြင်းကို မနှစ်သက်၍ စိုင်းဒင်ချောင်းရှိ ဝါးအရောင်းအဝယ်ပြုသူတစ်ဦးထံမှ ရောင်းပြီး ငွေချေ စနစ်ဖြင့် နိုဝင်ဘာလ (၂၇) ရက်နေ့က ဝါးအလုံး တစ်ထောင်ခန့် ပြန်လည်ရောင်းချရန် ယူလာခဲ့သည်။ 

ဦးမိုဟီဘုလ္လာကို အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ၎င်း၏ အကူတပည့် ၆ ဦးနှင့် သွားရောက်၍ ဘာသာရေးအရ စော်ကားသည့် စကားလုံးများ သုံးနှုန်း၍ ဆဲဆိုခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဝါးလုံး၀ မရောင်းရန် တားမြစ်ခဲ့ပြီး၊ အကယ်၍ ဝါးရောင်းပါက သတ်ပစ်မည်ဟုလည်း ပြောဆို ခြိမ်းခြောက်ခဲ့ကြောင်း ရွာသားတစ်ဦးက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ