ဘူးသီးတောင် ဂူတာပြင်တွင် တဲထိုးနေခဲ့သည့် မိသားစု ၇၆ စုကို အတင်းအဓမ္မ ပြောင်းရွှေ့ပေးရန် ရွေးချယ်ခဲ့သည့် နေရာတွင် အိမ်များစတင် ဆောက်လုပ်နေ
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စုမှ ရိုဟင်ဂျာ မိသားစု ၇၆-စုကို အတင်းပြောင်းရွှေ့ပေးရန် ယခင်က ရွေးချယ်ခဲ့သည့်နေရာတွင် အိမ်များ စတင်ဆောက်လုပ်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအုပ်စု၌ ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် အိမ်မီးရှို့ခံခဲ့ရသည့် ရိုဟင်ဂျာ မိသားစု (၂၀၀) ထဲမှ ယခုနှစ် မေလတွင် မိမိတို့၏ ခြံဝင်းများအတွင်းသို့ ပြန်လည်ဝင်ရောက်၍ တဲထိုးနေထိုင်သည့် မိသားစု ၇၆-စု ကို အစိုးရ အစီအစဉ်ဖြင့် အခြားနေရာတွင် အိမ်ဆောက်ပေးပြီး အတင်းအဓမ္မ ပြောင်းရွှေ့ပေးရန် ယခင်က ရွေးချယ် သတ်မှတ်ထားသည့် ဂူတာပြင်ရွာကြီး၏ မြောက်ဖက်အစွန်းတွင် ဂူတာပြင်ချောင်းနှင့် လမ်းမကြီးတို့ကြားရှိ အလွန်ကျဉ်းမြောင်းသည့် နေရာတွင် အိမ်များကို နိုဝင်ဘာလ (၂၁) ရက်နေ့မှစ၍ ဆောက်လုပ်လျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

ယခု ဆောက်လုပ်နေသည့်အိမ်များသည် တစ်အိမ်လျှင် အလျား ၄၀-ပေ နှင့် အနံ ၄၀-ပေရှိသည့် အိမ်ခြံမြေကွက်များပေါ်တွင် ပြတင်းပေါက် ၆-ပေါက်၊ တံခါးပေါက် ၂-ပေါက်နှင့် မီးဖိုချောင်အပါအဝင် သုံးခန်းပိုင်းခြားထားပြီး သွပ်မိုး၊ ဝါးနံရံ၊ ၁၂-ပေ သစ်သားတိုင် (အုပ်ခြေမဲ့) တို့ဖြင့် ဆောက်လုပ်လျက်ရှိသည့် အလျား ၂၁-ပေ နှင့် အနံ ၁၂-ပေရှိ အိမ်များဖြစ်သည်။ 

"အိမ်တွေကို လမ်းမကြီးနားမှာ တစ်ဘက်တစ်တန်းစီ ၂-တန်း စီပြီး၊ အိမ် ခြံတစ်ခြံ အတွက် အလျား ၄၀-ပေ၊ အနံ ၄၀-ပေ နဲ့ အကွက်ချပြီး တစ်သုတ်ကို ၁၀-လုံးစီ ဆောက်ပေးမယ်၊ အဲဒီ ၁၀-လုံး ဆောက်ပြီးတာနဲ့ မိသားစု ၁၀-စုကို ပြောင်းပေးမယ်၊ နောက် ၁၀-လုံး ဆောက်မယ်၊ နောက် မိသားစုတွေ ပြောင်းပေးမယ် အဲလိုနဲ့ ကျွန်တော်တို့ မိသားစု ၇၆-စုလုံးအတွက် အိမ် ၇၆-လုံး ဆောက်ပေးပါမယ် '' ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ယခု ဆောက်လုပ်ပေးနေသည့် အစိုးရ၏ အစီအစဉ်များအပေါ် ရွာသားများက “ကျွန်တော်တို့က ကိုယ့်ခြံဝင်းထဲ ဆောက်ထားတဲ့ တဲအိမ်တွေမှာပဲနေပါရစေ၊ ကျွန်တော်တို့ ဘိုးဘွားဘီဘင် အဆက်ဆက်က ပိုင်ဆိုင်လာတဲ့ ဒီလောက်ကြီးကျယ်တဲ့ အိမ်ခြံမြေတွေ၊ လယ်ယာမြေတွေ စတာတွေကို စွန့်လွှတ်ပြီး အခြား အဲလို ကျဉ်းမြောင်းတဲ့ နေရာတစ်ခုမှာ တစ်ရွာလုံးမှာရှိတဲ့ မိသားစုတွေကို ထားပေးရင် ဘယ်လိုလို့ အဆင်ပြေပါ့မလဲ၊ ကျွန်တော်တို့ကို သနားကြပါ” ဟု အကြိမ်ကြိမ် တောင်းဆိုသော်လည်း “ဒါက နိုင်ငံတော် အမိန့်၊ နိုင်ငံတော်က ဆုံးဖြတ်လိုက်ပြီ၊ နိုင်ငံတော်အမိန့်ကို နာခံရမယ်” ဟု သက်ဆိုင်ရာ အာဏာပိုင်များက အထက်အာဏာပိုင်များကို မကြာခဏ ရည်ညွန်းပြီး ပြောဆိုလေ့ရှိကြောင်း ဂူတာပြင် ရွာသား တစ်ဦးကပြောပါသည်။ 

ဤကိစ္စနှင့် ပတ်သက်၍ ရွာသားများက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုထံလည်း အသနားခံ စာတစ်စောင်ကို ယခုနှစ် စက်တင်ဘာလတွင် ပေးပို့ခဲ့ပြီး တုံ့ပြန်မှုတစ်စုံတစ်ရာ မရရှိသေးကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ ဖြစ်စဉ် နောက်ပိုင်းတွင် ဂူတာပြင်ရွာရှိ ရိုဟင်ဂျာရွာ (၃) ရွာမှ ရိုဟင်ဂျာ အိမ်ခြေ (၂၀၀) ခန့် ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ရခိုင်လူမျိုးအချို့နှင့် ပူးပေါင်း၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင်း ရိုဟင်ဂျာရွာသားများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အနီးအနားရှိ အခြား ရိုဟင်ဂျာရွာများတွင် သွားရောက် ခိုလှုံနေခဲ့ရသည်။ 

ထိုသို့ အိုးမဲ့အိမ်မဲ့ဘဝဖြင့် အခြားနေရာများတွင် ၉-လ တိတိ နေခဲ့ပြီး အခြေအနေ တည်ငြိမ်လာသဖြင့် ယခုနှစ် မေလကုန်ပိုင်းတွင် ရွာသားများက အချင်းချင်းတိုင်ပင်ကာ မိမိတို့ မူလအရပ် ဂူတာပြင်ရွာကြီးနှင့် တောင်ရွာတို့တွင် စတင်တဲထိုးနေစဉ် တဲ (၇၆) လုံးထိုးပြီးနောက် တစ်ပတ်အကြာတွင် အစိုးရဌာနဆိုင်ရာ ပေါင်းစုံမှ လာရောက်စစ်ဆေးခဲ့ပြီး ခွင့်ပြုချက်မပါဘဲ တဲထိုး၍ နေ၍ရမည်မဟုတ်ကြောင်း၊ နောက်ဆက်ထိုးလျှင် ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်းပြော၍ ဟန့်တားသောကြောင့် ဆက်လက်၍ တဲမထိုးတော့ဘဲ ရပ်တန့်ခဲ့သည်။ 

ယခု သတ်မှတ်ပေးသည့်နေရာသည် တစ်ရွာလုံး၏မီးရှို့ခံနေရာများမှ နေရာအစိတ်အပိုင်း တစ်ခုသာဖြစ်ပြီး ယခင်က အိမ်ခြေ ၁၆-အိမ်သာရှိခဲ့သည့် သေးငယ်သော နေရာတွင် ဂူတာပြင်ရွာကြီးနှင့်တောင်ရွာ နှစ်ခုစလုံးမှ တဲထိုး၍ နေထိုင်သည့် တဲအိမ် ၇၆-လုံးအတွက် အိမ်ငယ်လေးများ ဆောက်ပေး၍ ခြံစည်းရိုးကာပြီး ဒုက္ခသည်စခန်းပုံစံဖြင့် အစိုးရထိန်းချုပ်မှုအောက်တွင် ထားသွားမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

ထို့အပြင် ယခု အစိုးရမှ မြေနေရာသတ်မှတ်ပေးသည်မှာ မီးရှို့ခံခဲ့သည့် အိမ်ခြေ ၂၀၀ ခန့်မှ တဲထိုး၍ ဝင်ရောက်နေထိုင်သည့် မိသားစု ၇၆-စု အတွက်သာ သတ်မှတ်ပေးခြင်းဖြစ်ပြီး ကျန်သည့် အိမ်ခြေ ၁၀၀ ကျော် အတွက် အာဏာပိုင်များက တစ်စုံတစ်ရာ စီစဉ်ပေးခြင်း မရှိသေးဘဲ၊ ယခုကဲ့သို့ ဒုက္ခသည်စခန်း ပုံစံဖြင့် အိမ်ငယ်များ ဆောက်လုပ်၍ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းလျှင် ထွက်ပြေးသွားမည်ကို စိုးရိမ်ရသည်ဟု ၎င်းက ဆိုသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ