ဘူးသီးတောင်တွင် ရိုဟင်ဂျာပိုင် လယ်ယာမြေများအတွက် ပြေစာများထုတ်ပေးရာတွင် ငွေအဆမတန် တိုးမြှင့်၍ ကောက်ခံနေ
ကျော်စိုး Rohingya Today

 

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ရိုဟင်ဂျာ လယ်သမားများအား လယ်ယာမြေ ပြေစာမျာထုတ်ပေးရာတွင် ငွေအဆမတန် တိုးမြှင့်၍ ကောက်ခံလျက်ရှိသည်။

 

ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟဖီးဇုရ်ရဟ်မာန် (ဘ) ဦးဆယိဒုရ်ရဟ်မာန် (အသက် ၆၅-နှစ်) သည် မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ လယ်သမားများကိုပေးရန်ချပေးသော လယ်ယာမြေ ပြေစာများကို ရွာသားများအားထုတ်ပေးရာတွင် ၁-ဧက လျှင် ငွေကျပ် ငါးထောင်စီ ကောက်ခံနေ၍ လယ်သမားများအတွက် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာကြောင်း ဒေသခံများက Rohingya Today သို့ ပြောသည်။

 

အလားတူ သပိတ်တောင်၊ စိမ်းညှင်းပြားနှင့် အတွင်းငှက်သေ စသည့်ကျေးရွာအုပ်စုများတွင်လည်း မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှ စေလွှတ်သည့် ကျေးရွာတာဝန်ကျ စာရေးများက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူပေါင်း၍ ၁-ဧကလျှင် ကျပ်တစ်ထောင် (သို့) တစ်ထောင် အထက် စသည်ဖြင့် ယခင်ကထက် အဆပေါင်းများစွာ တိုးမြှင့် ကောက်ခံပြီး ပြေစာများထုတ်ပေးခဲ့သဖြင့် လယ်သမားများအတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်လာသည်ဟု သပိတ်တောင်ရွာသား လယ်သမားတစ်ဦးက ပြောပါသည်။

 

ယခင်နှစ်များက အဆိုပါပြေစာများထုတ်ယူရန် ငွေကျပ် ၂၀၀၊ ၅၀၀၊ ၈၀၀ အများဆုံး တစ်ထောင်သာ ပေးခဲ့ရပြီး ယခုနှစ်တွင် ယခုလို ဧကအလိုက် တစ်ဧကကို ၅၀၀၀ ကျပ်စီ ကောက်ခံနေခြင်းက မယုံကြည်နိုင်လောက်အောင် အဆပေါင်းများစွာတိုးမြှင့် သွားသဖြင့် သက်ဆိုင်သည့် ဌာနဆိုင်ရာများအနေဖြင့် လိုအပ်သလို ဟန့်တားပေးပါရန် တောင်းဆိုပါသည်ဟု မိကျောင်းဈေး ရွာသားတစ်ဦးက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ