မောင်တောမြို့နယ်တွင် အိုးအိမ်မဲ့သွားသူများကို ဆောက်လုပ်ပေးနေသည့် အိမ်များ ဒုက္ခသည်စခန်းများကဲ့သို့ အိမ်ကျဉ်းကျဉ်းများဖြစ်
မောင်ဌေး Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အိုးအိမ်မဲ့သွားသူများကို အာဏာပိုင်များက နေအိမ်များဆောက်ပေးနေသော်လည်း မူလနေရာတွင်မဟုတ်ခြင်း၊ ပေးသည့်မြေကွက်နှင့်အိမ်များကျဉ်းလွန်းခြင်းများရှိနေသည်။

မောင်တောမြို့နယ် မြောက်ပိုင်း သီဟိုဠ်သရက် (ဟိုက်ရ်ဖာရာ) ကျေးရွာအုပ်စု၊ ဘကားဂုံးနားတောင်ရွာတွင် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလမှ စ၍ ပေ ၃၀ x ပေ ၂၀ မြေကွက်များချ၍ ၂၁ ပေ x ၁၅ ပေ အိမ်များ ဆောက်လုပ်လျက်ရှိသည်။ အိမ်ခြေပေါင်း (၁၁၈) အိမ် ဆောက်လုပ်နေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

Houses building like refugee camp

အိမ်များမှာ ဝါးထရံကာ၊ သွပ်မိုး၊ ကွန်ကရစ်ခင်း ဖြစ်သည်။ ယင်းအိမ်များကို အိုးအိမ်မဲ့သွားပြီးနောက် တဖက်နိုင်ငံသို့ ထွက်မပြေးဘဲ ဖြစ်သလိုနေထိုင်နေသူများကို ပေးအပ်ရန်ဖြစ်သည်။ ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်းတွင် သီဟိုဠ်သရက်ကျေးရွာအုပ်စု၊ ဘကားဂုံးနားရွာ၊ ရွာမရွာနှင့် ဟိုလ္လာဘားရွာမှ ရိုဟင်ဂျာနေအိမ်များကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် အိုးအိမ်မဲ့ခဲ့ရခြင်း ဖြစ်သည်။ 

အိုးအိမ်မဲ့သွားသူများသည် ၎င်းတို့၏ မူလခြံမြေများတွင် ဝါးထရံကာ၊ ဓနိမိုး၊ မြေကြမ်းခင်းဖြင့် ဖြစ်သလိုအိမ်ဆောက်ရန် နေထိုင်နေသည်မှာ နှစ်နှစ်ခန့် ရှိနေပြီဖြစ်သည်။ ရွာမရွာတွင် မိသားစု (၈) စု နေထိုင်လျက်ရှိပြီး၊ ဦးနုရ်မာမတ် (အသက် ၅၀ နှစ်) ၏ နေအိမ်သည် မြောက်ပိုင်းလမ်းနှင့် နီးကပ်လျက်ရှိသည်ဟုဆိုကာ အာဏာပိုင်များက နေအိမ်ဖြိုဖျက်ရန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆော်ရ်ဝါဇ်ထံမှ ဖိအားပေးလျက်ရှိသည်။ 

Houses building like refugee camp

ဘကားဂုံးနားတောင်ရွာတွင် မိသားစု (၁၇) စု နေထိုင်လျက်ရှိပြီး၊ ၎င်းတို့၏ နေအိမ်များကို ဖြိုဖျက်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ဖိအားပေးလျက်ရှိသည်။ ဖိအားပေးမှုများရှိနေသော်လည်း ၎င်းတို့က မဖြိုဖျက်နိုင်ဟု ပြောဆို၍ ငြင်းဆန်လျက်ရှိသည်။ 

အာဏာပိုင်များက သတ်မှတ်ပေးထားသည့်နေရာတွင် အိုးအိမ်မဲ့သွားသူများ၏ မြေနေရာများ၊ ဗလီမြေနေရာများနှင့် လယ်မြေများ ပါဝင်သည်။ 

ဟိုလ္လာဘားရွာတွင် မိသားစု (၅၄) စု နေထိုင်လျက်ရှိပြီး၊ ရွာသားတစ်ဦးက "ကျွန်တော်တို့ရဲ့ မူလခြံမြေမှာပဲ ကျွန်တော်တို့ နေချင်တယ်။ ကျွန်တော်တို့ကို ဒုက္ခသည်စခန်းလို ဆောက်ပေးနေတာ မလိုချင်ဘူး။ ကျွန်တော်တို့ရဲ့ မူလခြံမြေတွေကို မတရားသိမ်းမယူပါနဲ့" ဟု ပြောသည်။

အလားတူ မောင်တောမြို့နယ် တောင်ပိုင်း တပ်ဦးချောင်း (ဘဂုံးနား) ကျေးရွာတွင်လည်း အာဏာပိုင်များက အိမ်ခြေ (၇၇) အိမ် ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။ ယင်းကျေးရွာမှ ရွာသားများကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ဆင့်ခေါ်၍ မူလနေရာများတွင် နေအိမ်များ ဆောက်လုပ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ထပ်မံဆင့်ခေါ်၍ အစိုးရက သတ်မှတ်ပေးသည့် နေရာများတွင် ဆောက်လုပ်ပေးမည်ဟု ပြောဆိုခဲ့သည်။ ရွာသားများက အစိုးရက သတ်မှတ်ပေးသည့်နေရာကို လက်ခံမည် မဟုတ်ကြောင်း၊ မိမိတို့၏ မူလနေရာများကိုသာ လိုချင်ကြောင်း တင်ပြခဲ့သည်။ 

နေအိမ်များ ဆောက်လုပ်နေခြင်းကို အနီးကပ်စောင့်ကြည့်နေသူတစ်ဦးက "အစိုးရစေတနာသန့်သန့်နဲ့ ဆောက်ပေးနေတာ မဟုတ်ဘူး။ ဒုက္ခသည်စခန်းလို အိမ်ကျဉ်းကျဉ်းလေးတွေ၊ ပြီးတော့ ရေရှည်ခံမယ့်အိမ်တွေ မဟုတ်ဘူး။ လူတွေ သက်တောင့်သက်သာနဲ့ နေနိုင်မယ့်အိမ်တွေ မဟုတ်ဘူး။ ဖိနှိပ်တဲ့စနစ်တွေပြောင်းပြီး လူကို လူလို ဆက်ဆံပါလို့သာ ပြောချင်ပါတယ်" ဟု Rohingya Today သို့ပြောသည်။ 

(ဓါတ်ပုံများကို သီဟိုဠ်သရက်ကျေးရွာအုပ်စု၊ ဘကားဂုံးနားတွင် ရိုက်ကူးထားသည်)


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ