လူကုန်ကူးသူများနှင့် အာဏာပိုင်များ ပူးပေါင်း၍ လူကုန်ကူးမှုများ ဆက်လက်ကျူးလွန်လျက်ရှိ
မောင်ဝဏ္ဏ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် စစ်ဆေးရေးဂိတ်ပေါင်းများစွာရှိသော်လည်း လူကုန်ကူးသူများက လူကုန်ကူးနေသည်များကို စစ်ဆေးခြင်းမရှိဘဲ လွှတ်နေခြင်းကို ကြည့်ခြင်းအားဖြင့် လူကုန်ကူးမှုများကို အာဏာပိုင်များနှင့် လူကုန်ကူးသူများ ပူးပေါင်း၍ ကျူးလွန်နေသည်ကို တွေ့ရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျကျေးရွာမှ ကူးတို့သမား ဦးဆော်လိမ် (ဘ) ဦးအာမတ်ကော်ဘိရ် (အသက် ၃၀ နှစ်) သည် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ အသက် (၁၆) နှစ်မှ (၁၈) နှစ် အရွယ်ရှိ အမျိုးသမီးငယ်များကို ရေခပ်ချောင်းခွဆုံကျေးရွာသို့ ဇန်နဝါရီလ (၂၈) ရက်နေ့က ခေါ်ဆောင်လာခဲ့သည်။

ယင်းနေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် ဘူးသီးတောင်မြို့မှ အနီရောင် သုံးဘီးကား နှစ်စီး၊ အစိမ်းရောင် သုံးဘီးကား တစ်စီးနှင့် CRPP အမျိုးအစား အနီရောင် မှန်လုံကာ တစ်စီးတို့ ရေခပ်ချောင်းခွဆုံကျေးရွာသို့ ရောက်ရှိလာပြီး၊ အမျိုးသမီးငယ်များကို တင်ဆောင်၍ ရွှေဇားလမ်းအတိုင်း မောင်းနှင်ကာ မောင်တောမြို့သို့ ရောက်ရှိလာခဲ့သည်။ 

လမ်းတွင် စစ်ဆေးရေးဂိတ်များ ရှိသော်လည်း တားဆီးဖမ်းဆီးခြင်း မရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။ 

"လမ်းမှာ နယ်ခြားစောင့်ရဲ စစ်ဆေးရေးဂိတ် ၄ ခုရှိတယ်။ အဲဒီဂိတ်တွေကို ဖြတ်ရင် NVC ဒါမှမဟုတ် ဓါတ်ပုံတစ်ပုံပါတဲ့ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ ရွာထွက် ထောက်ခံစာနဲ့ အိမ်ထောင်စုစာရင်း မူရင်းပါမှသာ ဖြတ်ကျော်ခွင့်ပေးတယ်။ အခု ဒီလူကုန်ကူးတဲ့ ဂိုဏ်းတွေရဲ့ လူကုန်ကူးခံရသူတွေက ဒုက္ခသည်စခန်းက ရောက်လာသူတွေ၊ အထောက်အထားမပါဘဲ ဖြတ်လို့ရနေတာက အာဏာပိုင်တွေ ကိုယ်တိုင် ဒီလူကုန်ကူးမှုမှာ ပါနေလို့သာ ဖြစ်တယ်" ဟု ၎င်းက ပြောသည်။ 

ကားများသည် မောင်တော - ဘူးသီးတောင် လမ်းအတိုင်း ဆက်လက် မောင်းနှင်ပြီး ရသေ့တောင်မြို့နယ် အာကာတောင် (ရှာရ်မိလာ) ကျေးရွာရှိ ဦးဆွေယာဒူလ္လာ၏ နေအိမ်သို့ အမျိုးသမီးငယ်များကို ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ လမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ် ၃ ခု ရှိသော်လည်း စစ်ဆေးရေးဂိတ်များကို ကျော်လွန်၍ သွားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနှံ့တွင် ဖမ်းခံရသည့် ရိုဟင်ဂျာများကို အစိုးရက တရားစွဲဆိုခြင်း မရှိဘဲ နေရပ်သို့ ပြန်ပို့နေသော်လည်း ဖမ်းခံရသူများကို NVC ကဒ်များ အတင်းအဓမ္မ ပေးအပ်လျက်ရှိသည်။ လူကုန်ကူးသူများကို အာဏာပိုင်များက စုံစမ်း စစ်ဆေးမေးမြန်းခြင်း၊ အရေးယူခြင်း မရှိဟု ဒေသခံများက ပြောသည်။ 

"အခု အမျိုးသမီးငယ်တွေက တစ်ယောက်ကို မြန်မာငွေ သိန်း ၆၀ ပေးရတယ်လို့ သိရတယ်။ လူကုန်ကူးတဲ့လူတွေနဲ့ အာဏာပိုင်တွေနဲ့ အလွန်ကို ရင်းနှီးကျွမ်းဝင်သူတွေ၊ လစဉ်ဆက်ကြေးရနေတော့ မဖမ်းတာပေါ့" ဟု ဒေသခံတစ်ဦးက ပြောသည်။

"မြန်မာပြည် အနှံ့မှာ ဖမ်းခံရတဲ့လူတွေ မနည်းဘူး။ မီဒီယာတွေကလည်း ဖမ်းခံရတိုင်း ဖော်ပြကြတယ်။ ဒါပေမယ့် လူကုန်ကူးသူတွေကို ဖမ်းတာမျိုး လုံး၀ မကြားရဘူး။ ပြီးတော့ ကျွန်တော်တို့က နယ်ခြားစောင့်ရဲတွေရဲ့ ခွင့်ပြုချက်မပါဘဲ လှုပ်လို့တောင် မရဘူး။ သူတို့ ခွင့်ပြုချက်မပါဘဲ နယ်စပ်ခြံစည်းရိုးနဲ့ ကပ်ရင် သေနတ်နဲ့ ပစ်သတ်တယ်။ အခု ဟိုဘက်ကနေ ဝင်လာတာ ဘာမှ မဖြစ်ဘူးဆိုတော့ စဉ်းစားသာကြည့်ပါတော့ဗျာ" ဟု ၎င်းက ဆက်လက်ပြောသည်။ 

လူကုန်ကူးသူများက ရိုဟင်ဂျာများကို မလေးရှားသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ စည်းရုံး၍ ငွေယူကာ ခေါ်ဆောင်လာသော်လည်း အများစုမှာ မြန်မာပြည် အထက်ပိုင်းတွင် ဖမ်းဆီးခံရသည်။ ဖမ်းဆီးခံရသူများကို မူရင်းနေရပ်မြို့များသို့ NVC ကဒ်များပေးအပ်၍ ပို့ဆောင်လျက်ရှိသည်။ လူကုန်ကူးသူများနှင့် အာဏာပိုင်များ ပူးပေါင်း၍ ရိုဟင်ဂျာများ လက်ထဲတွင်ရှိသည့် ငွေများကုန်သွားစေရန်၊ ရိုဟင်ဂျာများ လက်ခံရန် ငြင်းဆန်နေသည့် NVC ကဒ်များ ပေးအပ်ရန်၊ တဖက်နိုင်ငံမှ ပြန်မလာသည့် ရိုဟင်ဂျာများ ပြန်ရောက်လာစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ