အစိုးရချပေးသည့် မြေကွက်ငယ်ကို ယူရန် ငြင်းဆန်သူအား ဖမ်းဆီး၍ အမှုလုပ်ကြံပြီး ထောင်ချရန် စီစဉ်နေ
မောင်ဌေး Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ၂၀၁၇ ခုနှစ်တွင် နေအိမ်မီးရှို့ခံရသူတစ်ဦးကို အစိုးရကနေရာချထားပေးသည့်နေရာတွင် မနေလိုကြောင်း စာတင်သဖြင့် ဖမ်းဆီး၍ အမှုဆင်ပြီး ထောင်ချရန် စီစဉ်နေသည်။

မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက်မှ NGO ဝန်ထမ်းဟောင်း ဦးကာဆိမ်း၏ နေအိမ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လနှောင်းပိုင်းတွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ ၎င်းနှင့် မိသားစုဝင်များသည် မြို့မကညင်တန်းကျေးရွာ BAJ ရုံး၏ မြောက်ဘက်ရှိ ရွာတစ်ရွာတွင် ခိုလှုံနေထိုင်လျက်ရှိသည်။ 

ယခုအခါ ၎င်းနှင့် မိသားစုဝင်များကို အစိုးရက သတ်မှတ်ထားသော မြေကွက် ပေ ၃၀ x ၄၀ တွင် ပြောင်းရွှေ့ရန် စီစဉ်ပေးလျက်ရှိသည်။ ၎င်းက ယခင်ကထက် သေးငယ်သည့် မြေကွက်သို့ မပြောင်းရွှေ့နိုင်ကြောင်း အစိုးရဌာနများသို့ စာတင်ခဲ့သည်။ ယင်းစာနှင့် ပတ်သက်၍ ဒေသဆိုင်ရာ အာဏာပိုင်များက မကျေမနပ်ဖြစ်ကာ မြို့မရဲစခန်းမှ ရဲများနှင့် အခြားဌာနဆိုင်ရာများ ပူးပေါင်း၍ ၎င်းကို ဇန်နဝါရီလ (၁၉) ရက်နေ့ နံနက် ၂ နာရီအချိန်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဦးကာဆိမ်းကို ၂၀၁၂ ခုနှစ် မီးရှို့မှုတွင် ပါဝင်သည်ဟု လုပ်ကြံဖန်တီး၍ ထောင်ချရန် စီစဉ်နေကြောင်း သိရသည်။ အမှတ် (၅) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူအစ္စလာမ်ကို ဖိအားပေးပြီး ၂၀၁၂ ခုနှစ်မီးရှို့သည့်အမှုတွင် ဦးကာဆိမ်းပါဝင်သည်ဟု ထွက်ဆိုခိုင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

ဦးကာဆိမ်းနှင့် မိသားစုဝင်များသည် ၃ နှစ်ခွဲကျော် အိမ်ခြေမဲ့ဘဝဖြင့် နေထိုင်နေရပြီး၊ တစ်သက်တာ စုဆောင်းထားသမျှ ပိုင်ဆိုင်မှုများလည်း ဆုံးရှုံးခဲ့ရသည်။ အစိုးရအာဏာပိုင်များက ထောက်ပံ့ပေးရမည့်အစား ယခုကဲ့သို့ အမှုလုပ်ကြံဖန်တီး၍ ထောင်ချရန် စီစဉ်နေခြင်းမှာ ရက်စက်ယုတ်မာသည့် အတိုင်းအတာကိုပင် ကျော်လွန်နေသည်ဟု ဒေသခံများ ဝေဖန်ပြောဆိုနေကြသည်။ 

"ကျွန်တော်တို့ကတော့ မတရားသဖြင့် ဖမ်းဆီးထားတဲ့ ဦးကာဆိမ်းကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ မြေကွက်ငယ်တွေနဲ့ နှစ်သိမ့်နေတဲ့ အစီအစဉ်တွေကို ဖျက်သိမ်းပြီး ကျွန်တော်တို့ နဂိုရှိခဲ့အတိုင်း မြေကွက်တွေ ပြန်ပေးဖို့ တောင်းဆိုတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ