စစ်တွေ GE လမ်းဆုံရှိ တပ်ထိန်းတပ်ခွဲ ကင်းစခန်းက လမ်းသွားလမ်းလာ မော်တော်ယာဉ်များထံမှ ငွေညှစ်နေ
အောင်ဇံဝေ Rohingya Today
စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှ ကင်းစခန်း (ဓါတ်ပုံ - Christophe Archambault/AFP)

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် GE လမ်းဆုံရှိ တပ်ထိန်းတပ်ခွဲမှ ချပေးထားသည့် ကင်းစခန်းက လမ်းသွားလမ်းလာ ရိုဟင်ဂျာ မော်တော်ယာဉ်များထံမှ ငွေညှစ်လျက်ရှိသည်။ 

စစ်တွေမြို့၊ (၃၅၄) ခြေလျင်တပ်ရင်းနှင့် ကပ်လျက်ရှိသည့် အမှတ် (၈၆၈) တပ်ထိန်းတပ်ရင်း၊ တပ်ခွဲမှ GE လမ်းဆုံတွင် ချထားပေးသည့် ကင်းစခန်းမှ စစ်သားများသည် လမ်းသွားလမ်းလာ ရိုဟင်ဂျာ မော်တော်ယာဉ်များထံမှ ငွေညှစ်လျက်ရှိသည့်အပြင် ထိုကင်းစခန်းမှ စစ်သားအချို့သည် ရိုဟင်ဂျာရွာများသို့ သွားရောက်၍ ဆိုင်ကယ်ဖြင့် သွားလာလေ့ရှိသည့် ရိုဟင်ဂျာများကို အမျိုးမျိုးခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

စစ်တွေမြို့ရှိ သင်္ဂနက်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ကျေးရွာအုပ်စု၊ ဆတ်ရိုးကျကျေးရွာအုပ်စု စသည့်အုပ်စုများရှိ ရိုဟင်ဂျာရွာများသို့ သွားသည့် ရိုဟင်ဂျာမော်တော်ယာဉ်များ အနေဖြင့် GE လမ်းဆုံရှိ တပ်ထိန်းကင်းစခန်းကို တစ်ခါဖြတ်ကျော်ခ ကယ်ရီလိုက်ဆိုင်ကယ် တစ်စီးလျှင် ၁၀၀၀ ကျပ်နှင့် ကုန်တင် (သို့) လူစီးကား တစ်စီးလျှင် ၃၀၀၀ ကျပ်စီ နေ့စဉ်ပေးရပြီး “ဘာကြောင့် အခုလိုပေးရတာလဲ” ဟု မေးမြန်းရာ ဒကစမှူး၏ အမိန့်အရ ကောက်ခံနေရသည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း ကားသမား တစ်ဦးက ပြောပါသည်။

ထို့အပြင် ထိုတပ်ထိန်းကင်းစခန်းမှ စစ်သားအချို့သည် အနီးအနားရှိ ရိုဟင်ဂျာရွာများသို့သွားရောက်၍ ရွာထဲတွင် ဆိုင်ကယ်စီးသည့် ရိုဟင်ဂျာများကို ဆိုင်ကယ် လိုင်စင်၊ ဦးထုပ်များစစ်ဆေးရမည်ဟု ဆိုကာ အမျိုးမျိုးခြိမ်းခြောက်၍ မတရားသဖြင့် ငွေညှစ်ခြင်း၊ ငွေမပေးနိုင်လျှင် ဆိုင်ကယ်သိမ်းဆည်းခြင်းများလည်း ပြုလုပ်လျက်ရှိကြောင်း ရွာသားတစ်ဦးက ပြောသည်။ 

အလားတူ ရိုဟင်ဂျာမော်တော်ယာဉ်များမှ ဖြတ်ကျော်ခအဖြစ် သက္ကေပြင် ဒုက္ခသည်စခန်းရှေ့ရှိ လုံထိန်းစခန်းက ၃၀၀၀ မှ ၅၀၀၀ ကျပ်၊ မန်စီလမ်းဆုံ လုံထိန်းစခန်းနှင့် စစ်တပ်စခန်း တို့က ၅၀၀၀ မှ ၁၀၀၀၀ ကျပ်၊ ဆေးသမားဒုက္ခသည်စခန်းအနီးရှိ လုံထိန်းနှင့် စစ်တပ်စခန်းတို့က ၃၀၀၀ မှ ၅၀၀၀ ကျပ်၊ ဘောဒူပ ဒုက္ခသည်စခန်း လုံထိန်းနှင့် စစ်တပ်စခန်းတို့က ၃၀၀၀ ကျပ်၊ အုန်းတောကြီးဒုက္ခသည်စခန်းရှိ လုံထိန်းနှင့် စစ်တပ်စခန်းတို့က ၃၀၀၀ ကျပ်၊ သဲချောင်းဒုက္ခသည်စခန်းရှိ လုံထိန်းနှင့် စစ်တပ်စခန်းတို့က ၃၀၀၀ ကျပ်၊ ဒါးပိုင်ရာဘာခြံဒုက္ခသည်စခန်းရှိ လုံထိန်းစခန်းက ၃၀၀၀ ကျပ် စသဖြင့် ကင်းစခန်းတိုင်းတွင် ကောက်ခံလျက်ရှိပါသည်။

ထိုသို့ သက္ကေပြင်ဒုက္ခသည်စခန်းအနီးရှိ လုံထိန်းစခန်းနှင့် မန်စီလမ်းဆုံရှိ စစ်တပ်ကင်းစခန်းတို့က သဲချောင်းဈေးမှ ကုန်ပစ္စည်းများဝယ်ယူကာ သယ်ဆောင်လာသည့် ဆိုင်ကယ်၊ တက္ကဆီ၊ ကား စသည်တို့ကို ရပ်တန့်စေပြီး ကုန်ပစ္စည်း ပမာဏအလိုက် ငွေကျပ် ၁၀၀၀၊ ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀ စသဖြင့် ကောက်ခံလျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ