ဆွဲ၊တင်၊စစ် ကို အကြောင်းပြ၍ ငွေကြေး အမြောက်အမြားကောက်ခံလျက်ရှိ
မောင်ဝဏ္ဏ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာများတွင် ဆွဲ၊တင်၊စစ် စစ်ဆေးလျက်ရှိပြီး၊ လုပ်ကိုင်စားသောက်ရန် အခွင့်အလမ်းမရှိသည့် ရိုဟင်ဂျာများထံမှ ငွေကြေး အမြောက်အမြား ကောက်ခံလျက်ရှိသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် (ရာဘီလ္လာဖာရာ) ကျေးရွာမှ အိမ်ထောင်စု ၂၄ စု၊ ရေတွင်းကျွန်းကျေးရွာ (ရာမ်ဗျုးဘီလ်ဖာရာ) တွင် အိမ်ထောင်စု ၁၇ စုတို့သည် ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် စစ်တပ်က ၎င်းတို့၏ နေအိမ်များ မီးရှို့လိုက်သောကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးမသွားဘဲ အခြားရွာများတွင် ခိုလှုံလျက်ရှိသည်။ 

ဇန်နဝါရီလ (၁၃) ရက်နေ့ နံနက် ၉ နာရီ ငါးခူရကျေးရွာအခြေစိုက် နယ်မြေ (၅) မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့သည် ယင်းကျေးရွာမှ အိမ်ထောင်စုများကို ဆွဲ၊တင်၊စစ် စစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် ကိုဗစ် စည်းကမ်းများကို လိုက်နာခြင်း မရှိဘဲ စစ်ဆေးခဲ့သည်ဟု သိရသည်။

စစ်ဆေးသူများက ဆွဲ၊တင်၊စစ် ကို အကြောင်းပြ၍ ထမင်းစရိတ်ဟုဆိုကာ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၃၀၀၀၊  မွေးတိုးတစ်ဦးလျှင် ငွေကျပ် ၃ သောင်း၊ မွေးတိုးကလေး အသက်နှစ်နှစ်ကျော်လျှင် ငွေကျပ် ၅ သောင်းစီ ကောက်ခံခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဦးရှည်ကျ (ဘူရာရှီးဒါဖာရာ) ကျေးရွာ၌ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ဆွဲ၊တင်၊စစ် စစ်ဆေးမည် ဖြစ်သော်လည်း ကျေးရွာအုပ်ချုပ်ရေး ဦးဆီရာဇ်မှ တဆင့် မွေးတိုးတစ်ဦးချင်းအတွက် ငွေကျပ် ၅ သောင်းစီ ကြိုတင်ကောက်ခံလျက်ရှိသည်။ 

"ကလေးမွေးဖွားရင် ပြစ်မှုကျူးလွန်သလို ဖြစ်နေတယ်၊ ငွေကြေး အမြောက်အမြားပေးပြီး မှတ်ပုံတင်ရတာကလည်း ကလေးမမွေးရဲတော့အောင် ဗျူဟာတစ်ခုနဲ့ လုပ်နေသလိုဖြစ်နေတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ 

"မိဘနှစ်ပါး အိမ်ထောင်စုစာရင်းတစ်ခုထဲမှာ မရှိဘူးဆိုရင် မွေးတိုးခွင့်၊ အိမ်ထောင်စုစာရင်းထဲ တင်ခွင့်မပေးဘူ။ နိုင်ငံတကာ ကလေးသူငယ်များဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

သီဟိုဠ်သရက် (ဟိုက်ရ်ဖာရာ) ကျေးရွာတွင်လည်း ကျီးကန်းပြင်အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့က ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ဆွဲ၊တင်၊စစ် စစ်ဆေးခဲ့သည်။ ယင်းအဖွဲ့ကလည်း စားစရိတ်ဟုဆိုကာ အိမ်ထောင်စုတစ်စုမှ ငွေကျပ် ၃ ထောင်၊ မွေးတိုးတစ်ခုလျှင် ငွေကျပ် ၂ သောင်းစီ မတရားသဖြင့် ကောက်ခံခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

"ရိုဟင်ဂျာလူမျိုးတစ်မျိုးတည်းကို အဓိကထားပြီး ဆွဲ၊တင်စစ် လုပ်နေတာ။ နိုင်ငံတော်ရဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၈ မှာ လူမျိုး၊ ဘာသာ၊ ဇာတိကို အကြောင်းပြုပြီး မခွဲခြားရဘူးလို့ ရေးထားပေမယ့် မြေပြင်မှာတော့ ပေါ်ပေါ်တင်တင် ချိုးဖောက်နေတယ်" ဟု မြို့ခံတစ်ဦးက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ