ဘူးသီးတောင် သပြေတောမှ လူငယ်တစ်ဦးကို မတရားသဖြင့် ဖမ်းဆီးထား
မောင်ဌေး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သပြေတောကျေးရွာအုပ်စု၊ စိမ်းဒီပြင်ရွာ (စင်းဒီဖရန်) သို့ ဇန်နဝါရီလ (၈) ရက်နေ့ နေ့လည် ၂ နာရီခန့် အချိန်တွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး၊ ယင်းရွာ၏ ဈေးထဲရှိ ဆိုင်များကို ရှာဖွေ စစ်ဆေးခဲ့သည်။ 

ယင်းဈေးရှိ ဂဟေဆက်သည့် ဆိုင်တစ်ဆိုင်တွင် ကျောက်စက်တစ်လုံးတွေ့ရှိခဲ့ပြီး၊ ဆိုင်တွင် အလုပ်လုပ်နေသူ မိုဟာမတ်ရီယာဇူ (ဘ) ဦးနော်ဘီဟူးဆောင် (အသက် ၂၀ နှစ်) ကို လက်ထိပ်ခတ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့အပြင် ဦးဖန်ဒါအူလ္လာ၏ အသက် (၁၆) နှစ်နှင့် အသက် (၁၈) နှစ် အရွယ် သမီးပျိုနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့အား အာလီချောင်းကျေးရွာ (အာလီညောင်း) အခြေစိုက် စစ်တပ် တပ်ရင်းသို့ ခေါ်ဆောင်သွားသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

သပြေတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆွေယာဒ်အီစ္စလာမ်၊ တာဝန်ခံ ဦးအစ္စလာမ်နှင့် အခြားနှစ်ဦး တို့ကိုလည်း စစ်ဆေးစရာရှိသည်ဟု ဆိုကာ ယင်းတပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့အား စ.ရ.ဖ များက ARSA နှင့် ဆက်နွယ်မှု ရှိ/မရှိ စစ်ဆေးနေကြောင်း၊ ဇန်နဝါရီလ (၁၁) ရက်နေ့ ညနေ ၄ နာရီအချိန်တွင် အုပ်ချုပ်ရေးမှူး ဦးဆွေယာဒ်အစ္စလာမ် ရွာသို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း တပ်ရင်းသို့ ပြန်သွားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဆယ်ကျော်သက် အမျိုးသမီးငယ်နှစ်ဦးကို ဇန်နဝါရီလ (၁၀) ရက်နေ့ ညပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း မိုဟာမတ်ရီယာဇူကို ပြန်လည် လွှတ်မပေးဘဲ နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။ 

"မိုဟာမတ်ရီယာဇူဆိုတဲ့ ကောင်လေးက အဖေဆုံးသွားတော့ အားကိုးစရာမရှိဘဲ နေ့စားလုပ်ပြီး ဝမ်းစာရှာနေတာ။ သူ့ကို အခုလို ဖမ်းဆီးတာ တော်တော်လေးကို သနားညှာတာမှု ကင်းမဲ့တယ်။ မိန်းကလေးတွေကိုလည်း ARSA နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းသွားတယ်။ ပြီးတော့ မဟုတ်မှန်းသိတော့မှ ပြန်လွှတ်ပေးတယ်။ မဆိုင်တဲ့လူတွေကို ဖမ်းဆီးတာက လူတွေကို မနေရဲအောင်၊ ထွက်ပြေးအောင် လုပ်နေတာလို့သာ သုံးသပ်မိတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ