မောင်တော၌ ကိုဗစ်စည်းကမ်း ဖောက်ဖျက်ပြီး ဆွဲ၊တင်၊စစ် စစ်ဆေးလျက်ရှိ
မောင်ဝဏ္ဏ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ပူးပေါင်း၍ ဆွဲ၊တင်၊စစ် စစ်ဆေးလျက်ရှိပြီး၊ လူစုလူဝေးဖြင့် စစ်ဆေးလျက်ရှိသဖြင့် ကိုဗစ် စည်းကမ်းကို ဖောက်ဖျက်နေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ပေါင်းဇားကျေးရွာအုပ်စု၊ ဘော်လ္လာဖာရာတွင် ကျောက်လှေကားကျေးရွာ အခြေစိုက် နယ်မြေ (၆) မှ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ အဖွဲ့ဝင်များပူးပေါင်း၍ ဇန်နဝါရီလ (၆) ရက်နေ့မှစ၍ ဦးမူစ်တာခ်အာမတ်၏ ခြံဝင်းအတွင်း လူစုလူဝေး ပြုလုပ်ပြီး ဆွဲ၊တင်၊စစ် စစ်ဆေးလျက်ရှိသည်။

ဆွဲ၊တင်၊စစ် စစ်ဆေးသည်ကို အကြောင်းပြု၍ အိမ်ထောင်စုတစ်စုမှ ငွေကျပ် ၃၀၀၀/-၊ ကလေးမွေးတိုး တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းစီ ကောက်ခံနေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

ထို့အပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး ဗဟိုကော်မီတီ၏ အမိန့်ထုတ်ပြန်ချက်တွင် လူ ၃၀ ဦးထက် မပိုသော အစုအဝေးသာ လုပ်ရမည်ဟု ပါရှိသော်လည်း ယင်းအမိန့်ကို လိုက်နာခြင်း မရှိဘဲ စစ်ဆေးသည့်နေရာတွင် လူ ၅၀ ဦးကျော် စုဝေး၍ စစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။ 

ဒေသခံများကို နေ့လည် ၁ နာရီ နောက်ပိုင်း အပြင်မထွက်ရန်၊ ဗလီတွင် ဝတ်ပြုခြင်းပင် မပြုလုပ်၊ အိမ်တွင်းသာ Stay Home နေထိုင်ရန် ကြေညာထားသော်လည်း အာဏာပိုင်များ ကိုယ်တိုင် စည်းကမ်းဖောက်ဖျက်၍ စစ်ဆေးနေသည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။

သတ်မှတ်ထားသည့် စည်းကမ်းများကြောင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲနေချိန်တွင် မတရားသဖြင့် ငွေကောက်ခံနေခြင်းသည် မတရား ညှဉ်းပန်းနှိပ်စက်၊ ရက်စက်သကဲ့သို့ပင် ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ 

"ဒေသဆိုင်ရာ အာဏာပိုင်တွေမှာ မှတ်တမ်းတွေ အကုန်ရှိတယ်။ ကျွန်တော်တို့ကို နှစ်စဉ်နှစ်တိုင်း ဆွဲ၊တင်၊စစ် အကြောင်းပြ ငွေညှစ်၊ ရိုင်းပျဆက်ဆံနေတာတွေက လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေတာနဲ့ အတူတူပါပဲ။ ဒေသတွင်းမှာ ရိုဟင်ဂျာလူမျိုးတစ်မျိုးတည်းကိုသာ ပစ်မှတ်ထား စစ်ဆေးတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ