မောင်တော စည်ပင်သာယာရေးအဖွဲ့က ရိုဟင်ဂျာရပ်ကွက်၊ ရွာများရှိ အမှိုက်ကန်များမှ အမှိုက်များကို နှစ်ချီကြာနေသော်လည်း သယ်ဆောင်မသွား
နေလင်း Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အမှိုက်များ စွန့်ပစ်ရန်အတွက် မြို့ထဲရှိ ရပ်ကွက်တိုင်းတွင် ကွန်ကရစ်နှင့် ပြုလုပ်ထားသည့် ကန်တစ်ခုစီကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ပေးထားသည်။ အဆိုပါကန်များမှ အမှိုက်များကို စည်ပင်သာယာရေးအဖွဲ့မှ လစဉ် ကားဖြင့်သယ်ဆောင်သွားလေ့ရှိသော်လည်း မြို့မနာရီစင် အနောက်ဘက် မြို့မတောင်ရပ်ကွက်ရှိ ဖေဇီရွာအဝင်လမ်းရှိ အမှိုက်ကန်တွင် အမှိုက်များ လေးနှစ်ကျော်ကြာ ပြည့်နှက်နေခဲ့သော်လည်း စည်ပင်သာယာရေးအဖွဲ့မှ သယ်ဆောင်သွားခြင်း မရှိခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများကို အမှိုက်များသယ်ဆောင်သွားရန် ဖေဇီရွာမှ ရွာသူရွာသားများက အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ အမှိုက်များမှ အနံ့ဆိုးများ ထွက်နေမှုကြောင့် အသွားအလာလုပ်ရန် အခက်အခဲ ဖြစ်နေသည်ကို မြို့နယ် စည်ပင်သာယာရေး အဖွဲ့သို့ တင်ပြရန် မြို့မတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှသိန်း (ခ) ဦးမော်ဂျီအုလ္လာကို အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း အရေးတယူ ဆောင်ရွက်ခြင်း မရှိဟု ဒေသခံများက ပြောသည်။ 

လွန်ခဲ့သည့် အပတ်က ဖေဇီရွာ အဝင်လမ်း အနီးတစ်ဝိုက်ရှိ နေအိမ်များမှ ငွေများ ကောက်ခံပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးမှူးကို အမှိုက်များ သယ်ဆောင်သွားရန် ငွေကျပ် ငါးသိန်း ပေးခဲ့ရကြောင်း၊ ငွေပေးပြီးနောက် ဒီဇင်ဘာလ (၁၉) ရက်နေ့မှစ၍ စည်ပင်သာယာရေးအဖွဲ့မှ သယ်ဆောင်လျက်ရှိကြောင်း သိရသည်။ 

အလားတူ မြို့မနာရီစင်အနီးတစ်ဝိုက်ရှိ ဆိုင်တန်းများသည် ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ဆိုင်တန်းများ ဖြစ်ပြီး၊ ဆိုင်တန်းရှေ့ရှိ ရေမြောင်းများတွင် အမှိုက်များနှင့် ပြည့်နှက်နေသော်လည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေမြောင်းများ သန့်ရှင်းရေး မပြုလုပ်သောကြောင့် မဟာဗန္ဓုလပန်းခြံရှေ့ရှိ ဆိုင်တန်းရှေ့တွင် ရာသီမရွေး ရေများဝပ်နေကြောင်း ဆိုင်ရှင်တစ်ဦးက ပြောသည်။ 

အဆိုပါရေမြောင်းများမှ ရေစီးနိုင်ရန် စနစ်တကျ ရေမြောင်းများ တူးဖော်ပေးရန် ပန်းခြံရှေ့မှ ဆိုင်ရှင်အချို့က စည်ပင်သာယာရေးအဖွဲ့ထံ စာရေးသား တောင်းဆိုသော်လည်း ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။ 

"လူမျိုးရေးကို အခြေခံပြီး ဖြစ်ပျက်နေတာတွေ တွေ့ရတယ်။ ရိုဟင်ဂျာတွေ မနေတဲ့ ရွာတွေမှာ လမ်းကြားတွေကိုတောင် ကွန်ကရစ်လမ်းတွေ လုပ်ပေးတယ်။ ရေမြောင်းတွေကို စနစ်တကျ တူးဖော်ပေးတယ်။ ရိုဟင်ဂျာရွာတွေမှာ လမ်းကြားတွေက မိုးရာသီဆို ရေမျှောနေတယ်။ ရေမြောင်းတွေကို စနစ်တကျ လုပ်ပေးတာမျိုး မရှိဘူး။ အိမ်ခွန်၊ ဆိုင်ခွန်ကျတော့ နှစ်စဉ်ပုံမှန်ကောက်တယ်။ ဒီလိုခွဲခြားမှုတွေကို အမြန်ဆုံး မရပ်ဘူးဆိုရင် မြို့နယ်သာယာ လှပဖို့ ဝေးနေဦးမယ်" ဟု မြို့မိမြို့ဖတစ်ဦးက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ