မောင်တော ဥဒေါင်းရှိ စစ်တပ်ပိုင် ပုဇွန်ကန်မှ ရိုဟင်ဂျာ ၄ ဦးကို လက်နက်ကိုင်အုပ်စုတစ်စုက ဖမ်းဆီးသွား
မျိုးသူရ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာရှိ ပုဇွန်ကန်တွင် ပျော်ပွဲစားနေသည့် ရိုဟင်ဂျာ ၁၀ ဦးမှ ၄ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်။

နိုဝင်ဘာလ (၂၅) ရက်နေ့ ညပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာရှိ မြန်မာစစ်တပ်ပိုင် ပုဇွန်ကန်သို့ ပျော်ပွဲစားရန် လူ ၁၀ ဦး သွားရောက်ခဲ့သည်။ ပုဇွန်ကန်ကို မြန်မာစစ်တပ်က ပိုင်ဆိုင်ပြီး ရိုဟင်ဂျာများက ငှားရမ်းလုပ်ကိုင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့ ၁၀ ဦး ပျော်ပွဲစားနေစဉ် အမည်မသိ လက်နက်ကိုင်အုပ်စုတစ်စု ရောက်ရှိလာပြီး ၎င်းတို့အား ရိုက်နှက်ပြီးနောက် လူ ၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဖမ်းဆီးခံရသူများမှာ -

(၁) ဦးဆွေတာလောမ် (ဘ) ဦးအဒူရော်ဟိမ်း (အသက် ၃၈ နှစ်) - ကံပူးကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း

(၂) ဦးအာဘူလ်ဖွေယာစ် (အသက် ၃၄ နှစ်) - ကညင်တန်းကျေးရွာမှ Care International NGO ဝန်ထမ်းဟောင်း

(၃) အဒူမော်နက် (ဘ) ဦးနူရူဆာလာမ် (အသက် ၂၁ နှစ်) - ပုဇွန်ကန် အလုပ်သမား (မြို့မကညင်တန်းကျေးရွာမှ)

(၄) အခြားပုဇွန်ကန်အလုပ်သမားတစ်ဦး (မြို့မကညင်တန်းကျေးရွာမှ ရာအိမ်မှူး ဦးအီနုစ်၏ ယောက်ဖတော်စပ်သူ) -- တို့ဖြစ်ကြသည်။

လက်နက်ကိုင်အုပ်စုက လူမဆန်စွာ ရိုက်နှက်မှုကြောင့် အလယ်သံကျော်ကျေးရွာမှ ဦးဟာရှိမ်း (အသက် ၃၈ နှစ်) သည် ယင်းနေရာတွင်ပင် သတိလစ်သွားသဖြင့် ၎င်းကို ထားရစ်ခဲ့သည်ဟု သိရသည်။ 

အဆိုပါ ပုဇွန်ကန်ကို ဥဒေါင်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးရှော်ဘိရ် (အသက် ၄၀ နှစ်) နှင့် ကံပူးကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဆွေတာလောမ် တို့က စစ်တပ်မှ ငှားရမ်းပြီး အကျိုးတူ လုပ်ကိုင်နေခြင်း ဖြစ်သည်။ 

ထွက်ပြေးလွတ်မြောက်လာသူများက ဥဒေါင်းကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွင် ဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်ကြားခဲ့သည်။ ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ မိသားစုဝင်များက တစ်စုံတစ်ရာ သတင်းမရရှိသောကြောင့် စိုးရိမ်ပူပန်လျက်ရှိနေကြသည်။ 

"ဘယ်အဖွဲ့ကပဲ ဖမ်းဖမ်း၊ မိသားစုဝင်တွေကတော့ တော်တော်လေး စိတ်ပူနေကြတယ်။ ဘယ်အဖွဲ့အစည်းက ဖမ်းသွားတယ်ဆိုတာကိုတော့ ကျွန်တော်တို့လည်း သေချာမသိဘူး။ ကျွန်တော်တို့ကတော့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ