မောင်တော သရက်အုပ်မှ ကလေးငယ်များ ICRC မှ ထောက်ပံ့သည့် ရိက္ခာမရ
မျိုးသူရ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ်ကျေးရွာတွင် ICRC မှ ရိက္ခာထောက်ပံ့ပေးခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကလေး ၂၀၀ နီးပါးကို မွေးတိုး မတင်ရသေးဟု အကြောင်းပြကာ ထုတ်မပေးဘဲ အလွဲသုံးစား ပြုလုပ်လိုက်ကြောင်း သိရသည်။

နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့မှ မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ်ကျေးရွာရှိ ဒေသခံများအတွက် ဆန်၊ ဆီ၊ သကြား၊ ဆား၊ ပဲနှင့် အလှကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။ ရိက္ခာများနှင့် ပစ္စည်းများကို ယင်းကျေးရွာတာဝန်ခံ ဦးနူရ်အာလီ ဦးဆောင်ပြီး ဦးဇာဖော်ရ် (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၃၅ နှစ်)၊ ဦးမိုဟာမတ်အလီ (ဘ) ဦးဆွေယာ့ဒ်ဟူဆောင်း (အသက် ၂၅ နှစ်)၊ ဦးဘာဆဲရ် (ဘ) ဦးဆွေယာဒူ (အသက် ၃၇ နှစ်) နှင့် ဦးဆိုက်ဖူလ်အာခ်တာ တို့  (၅) ဦးက ရိက္ခာဖြန့်ဖြူးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး သုံးကြိမ်ခွဲ၍ ဖြန့်ဝေခဲ့သည်။ 

ကျေးရွာတွင်းတွင် ရိုဟင်ဂျာအိမ်ထောင်စု ၃၈၀၊ လူဦးရေအားဖြင့် ၄၀၀၀ ကျော်ရှိသည်။

ကျေးရွာတွင်းရှိ အိမ်ထောင်စုများတွင် မွေးတိုး မှတ်ပုံမတင်ရသေးသည့် ကလေး ၂၀၀ နီးပါးကို မွေးတိုးမတင်ရသေးဟု အကြောင်းပြ၍ ရိက္ခာမထုတ်ပေးကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ကလေးများအတွက် ရရှိသည့်ရိက္ခာများကို ဖြန့်ဖြူးရေးကော်မတီက ရောင်းချပြီး၊ ရရှိသည့် ငွေကျပ် ၃၅ သိန်းခန့်ကို ကိုယ်ကျိုးအတွက် သုံးစွဲလိုက်သည်ဟု ဒေသခံများက စွပ်စွဲပြောဆိုနေကြသည်။ 

"လူတစ်ယောက်ကို ဆန် ၅ ပြည်၊ ပဲ ၂ ပိဿာ နှုန်းနဲ့ ဖြန့်ဝေခဲ့တယ်။ အခုလို ကိုဗစ်ကာလမှာ လူတွေ စားဝတ်နေရေး ကျပ်တည်းနေတယ်။ ဒီလိုအချိန်မျိုးမှာ ခေါင်းပုံဖြတ်နေတာကို တာဝန်ရှိတဲ့ အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ