မောင်တော ရွှေဇားနှင့် မြို့မတောင်ရပ်ကွက်မှ ပုံမှန်ဝင်ငွေမရှိသူ အများစု နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ကြေးမရ
မျိုးသူရ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ Covid-19 ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများကို နိုင်ငံတော်မှ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သော်လည်း ရွှေဇားနှင့် မြို့မတောင်ရပ်ကွက်တို့မှ ပုံမှန်ဝင်ငွေမရှိသူအများစုကို ပေးအပ်ခြင်း မရှိကြောင်းသိရသည်။

နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် ရပ်ကွက်နှင့်ကျေးရွာ အုပ်စု ၉၀ စုရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု ၁၂၁၅၆ စုကို တစ်အိမ်ထောင်လျှင် ငွေကျပ် လေးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

နိုင်ငံတော်ထောက်ပံ့ပေးသည့် ထောက်ပံ့ကြေးငွေများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများထံ ပေးပို့ခဲ့သော်လည်း အများစုမှာ ၎င်းတို့နှင့် နီးစပ်သည့် ဆွေမျိုးရင်းချာများ၊ မိတ်ဆွေများဖြစ်နေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

မြို့မတောင်ရပ်ကွက်တွင် ပုံမှန်ဝင်ငွေမရှိသော လက်သမားများ၊ ကျပန်းလုပ်ကိုင်သူများထံမှ အိမ်ထောင်စု လူဦးရေစာရင်းများ တောင်းယူခဲ့သော်လည်း ထောက်ပံ့ကြေး ပေးအပ်သည့် စာရင်းတွင် ပါလာခြင်း မရှိဟု သိရသည်။

"မြို့မတောင်ရပ်ကွက်မှာ ပုံမှန်ဝင်ငွေမရှိသူတွေရဲ့ သန်းခေါင်စာရင်း ယူတယ်။ အခုဆိုရင် နိုင်ငံတော်က ထောက်ပံ့ကြေးပေးတာ ၄ ကြိမ်ရှိပြီ။ တစ်ကြိမ်မှ သူတို့မရဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ ပြောဆိုသော်လည်း ထောက်ပံ့ကြေးရမည့်သူများ စာရင်းတွင် မပါဝင်ဟု အကြောင်းပြန်သည်။ 

မြို့မတောင်ရပ်ကွက်တွင် ပုံမှန်ဝင်ငွေမရှိသူ ၅၀% ခန့်သာ ရရှိပြီး၊ ကျန်သည့် ၅၀% ကျော် မရရှိကြောင်း စုံစမ်းသိရှိရသည်။ 

မြို့မတောင်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးလှသိန်း (ခ) မူဂျီအုလ္လာသည် ဆင်းရဲသားများကို စာနာညှာတာ ထောက်ထားခြင်း မရှိဘဲ၊ မြို့မရဲစခန်းမှ နယ်ထိန်းရဲများနှင့် ပူးပေါင်း၍ ဆင်းရဲသားများကို Mask မပါဘဲ နေ့လည် တစ်နာရီနောက်ပိုင်း အိမ်ပြင်သို့ ထွက်သည်ဟု အကြောင်းပြ စွပ်စွဲ၍ ငွေညှစ်နေသူတစ်ဦး ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ အလားတူ ရွှေဇားကျေးရွာမှ ကျေးရွာတာဝန်ခံ ဦးမော်နီရ်အာမတ်လည်း ဦးလှသိန်းနှင့် အတူတူပင်ဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုကြသည်။ 

"ထောက်ပံ့ကြေး မရသူတွေရဲ့ စာရင်းကို ထွေ/အုပ်ရုံးက မပို့တာလား၊ ထွေ/အုပ်ရုံးကနေ သူတို့အတွက် ငွေထုတ်ယူပြီး မပေးတာလား၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို မျက်နှာသာပေးတော့ သွားတိုင်ရင်လည်း ဘာမှ ထူးမှာ မဟုတ်ဘူး။ နိုင်ငံတော်က သေချာစိစစ်ပေးဖို့သာ တောင်းဆိုချင်ပါတယ်။ တကယ်လို့ စာရင်းမှာ ပါပြီး မပေးတာဆိုရင် ထိထိရောက်ရောက် အရေးယူဖို့ တောင်းဆိုပါတယ်" ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ