မင်းပြားတွင် ရိုဟင်ဂျာလူငယ်တစ်ဦး မိုင်းထိ
ခင်မောင်နိုင် Rohingya Today

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဆင်ကျာကျေးရွာအုပ်စု၊ ဟာရပိုင်ကျေးရွာမှ ဒိုလောတ်ခါန်း (ဘ) ဦးအာယုပ်ခါန်း (အသက် ၂၀ နှစ်) သည် ကွမ်းသီးခြံထဲတွင် အလုပ်လုပ်နေစဉ် မြေမြှုပ်မိုင်းထိမှန်ပြီး ခြေထောက်နှစ်ဖက်စလုံးတွင် ဒဏ်ရာရရှိခဲ့သည်။ 

နိုဝင်ဘာလ (၂၀) ရက်နေ့ နေ့လည် ၁၂ နာရီခန့်အချိန်တွင် ဒိုလောတ်ခါန်းနှင့် အခြားတစ်ဦးသည် ၎င်းတို့ အလုပ်လုပ်နေသည့် ကွမ်းသီးခြံတွင် ကွမ်းသီးခူးနေစဉ် မိုင်းတစ်လုံးပေါက်ကွဲပြီး ဒိုလောတ်ခါန်း၏ ခြေထောက်ကို ထိမှန်ကာ ခြေထောက်နှစ်ဖက်စလုံး ပျက်စီး ဆုံးရှုံးသွားကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

မိုင်းထိပြီးနောက် ၎င်းကို မြောင်းဘွယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆရာဝန်က ခြေထောက်နှစ်ဖက်စလုံး ဖြတ်ရမည်ဖြစ်၍ စစ်တွေဆေးရုံသို့ ပို့ဆောင်ရန် မှာကြားခဲ့သည်။ သို့ဖြစ်၍ နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် လူနာတင်ယာဉ်ဖြင့် စစ်တွေသို့ ပို့ဆောင်ခဲ့သည်။ 

ဒိုလောတ်ခါန်းနှင့် အခြားတစ်ဦးတို့သည် မြောက်ဦးမြို့နယ်၊ မြောင်းဘွယ်ကျေးရွာမှ ဦးအောင်မြင့် ပိုင်ဆိုင်သည့် ကြက်မကျေကျေးရွာအပိုင်ရှိ ကွမ်းသီးခြံတွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ 

၎င်းတို့နှစ်ဦးသည် နိုဝင်ဘာလ (၂၀) ရက်နေ့ နေ့လည်ပိုင်းတွင် ခြံပိုင်ရှင်နှင့်အတူ ခြံထဲတွင် ကွမ်းသီးခူးနေစဉ် မိုင်းပေါက်ကွဲပြီး ဒိုလောတ်ခါန်းကို မိုင်းထိမှန်ခံခြင်း ဖြစ်သည်။ 

"အခု ပေါက်ကွဲတဲ့မိုင်းက မြေမြှုပ်မိုင်းပါ။ အဲဒါကို ဘယ်သူက ထောင်ထားတယ်ဆိုတာတော့ အတိအကျ မသိဘူး။ လွန်ခဲ့တဲ့ အောက်တိုဘာလတုန်းက မြန်မာ့တပ်မတော်က စစ်သားတစ်ချို့ အဲဒီခြံထဲကို ဝင်ပြီး တစ်ညနေခဲ့တယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက အဆိုပါ စစ်သားများက မိုင်းထောင်ထားခဲ့ခြင်း ဖြစ်သည်ဟု ယူဆနေကြသည်။ အောက်တိုဘာလ အလယ်ပိုင်းတွင် ယင်းခြံထဲသို့ စစ်သားများ ညနေပိုင်းတွင် ဝင်ရောက်ပြီး တစ်ညနေခဲ့သည်။ နောက်နေ့ နံနက်ပိုင်းတွင် ဒိုလောတ်ခါန်းနှင့် အခြားတစ်ဦးတို့ အလုပ်လုပ်ရန် ခြံထဲသို့ ဝင်ရောက်သောအခါ စစ်သားများက ၎င်းတို့ကို ဖမ်းဆီးပြီး ၅ ရက်တိတိ ချုပ်နှောင်ထားကာ ရိုက်နှက်ပြီးနောက် ပြန်လည် လွှတ်ပေးခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ