Covid-19 ရောဂါကာကွယ်ရေး အကြောင်းပြပြီး မောင်တောမြို့မှ ရိုဟင်ဂျာများကို အာဏာပိုင်များက နှိပ်ကွပ်နေ
မျိုးသူရ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် Stay Home ကြေညာသည့်အချိန်မှစ၍ အာဏာပိုင်များက ရိုဟင်ဂျာများကို ယခင်ကထက် ပိုမို ပစ်မှတ်ထား၍ ဖမ်းဆီး အရေးယူခြင်းများ ပြုလုပ်နေသည်။

မောင်တောမြို့နယ်တွင် Stay Home ကြေညာပြီးနောက်ပိုင်းတွင် နေ့လည် တစ်နာရီနောက်ပိုင်း အပြင်ထွက်ခွင့် ပိတ်ပင်ကန့်သတ်ခဲ့သည်။ ကန့်သတ်ချက်ကို ချိုးဖောက်သူများကို အရေးယူရန်အတွက် Covid-19 စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့၍ အရေးယူလျက်ရှိသည်။ ယင်းအဖွဲ့ကို မောင်တော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းရေးမှူး - BC ဦးကျော်ကျော်ထွန်း ဦးဆောင်ပြီး စည်ပင်သာယာရေးအဖွဲ့မှ ဒု-ဦးစီး ဦးမျိုးမင်းထွန်း၊ စာရေး ဦးကျော်ကျော်သန်း၊ လ.ဝ.က ဌာနမှ ဝန်ထမ်းတစ်ဦး၊ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးနှင့် အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ဖြင့် ဖွဲ့စည်းထားသည်။ 

ယင်းအဖွဲ့သည် Maltesar ရုံးရှေ့နှင့် ကြိဂံခွဆုံတို့တွင် ရိုဟင်ဂျာများကိုသာ ပစ်မှတ်ထား၍ အမှုဖွင့် အရေးယူလျက်ရှိသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

"စည်းကမ်းထိန်းသိမ်းရေးဆိုတဲ့ အဖွဲ့ရှေ့ကနေ Mask     မတပ်ဘဲသွားနေတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးဆိုရင် သူတို့ကိုယ်တိုင်ခေါ်ပြီး Mask ပေးတယ်။ မေးခွန်းတစ်ခွန်းလောက် မေးတာမျိုးတောင် မလုပ်ဘူး။ 

"မဟာဗန္ဓုလလမ်း၊ ကန်တော်ကြီးရှေ့က အရက်ဆိုင်ကို နေ့လည် တစ်နာရီ နောက်ပိုင်းဖွင့်ထားတယ်။ လူလည်း စည်ကားနေတယ်။ အဲဒီလမ်းမှာ ကွမ်းယာဆိုင်လည်း ဖွင့်ထားတယ်။ နောက်မြို့မတောင်ရပ်ကွက်၊ အ.ထ.က (၂) ဆောက်လုပ်ရေး လုပ်သားတွေဆိုရင် မောင်နီရင်ရွာ ကားလမ်းပေါ်မှာ ညပိုင်း ဘောလုံး ကစားကြတယ်။ သူတို့ကိုတော့ အရေးယူတာ မတွေ့ရဘူး။ ကျွန်တော်တို့ ရိုဟင်ဂျာတွေဆိုရင်တော့ မေးမြန်းတာတောင် မလုပ်ဘဲ အမှုဖွင့် အရေးယူနေတာ တွေ့ရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ 

စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်၏ ညွန်ကြားချက်နှင့်အညီ လုပ်ဆောင်နေခြင်း ဖြစ်ပြီး၊ Facebook စာမျက်နှာပေါ်တွင် ဒေသခံ နှစ်ရာကျော်ကို အရေးယူထားကြောင်း ရေးသားခဲ့သည်။ အရေးယူခံရသူ ၉၈% မှာ ရိုဟင်ဂျာများ ဖြစ်ကြသည်။ 

နိုဝင်ဘာလ (၁၆) ရက်နေ့ နံနက် ၁၀ နာရီတွင် မောင်တောမြို့နယ် တရားရုံးမှ Covid-19 စည်းကမ်းများကို လိုက်နာခြင်းမရှိသူ လူ ၅၀ ဦးအား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး စီမံချက် ဥပဒေဖြင့် တရားရုံးတင်ခဲ့ပြီး၊ တရားသူကြီးက ငွေဒဏ် ၄ သောင်းကျပ်စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ 

ငွေဒဏ်ချမှတ်ခံရသူ တစ်ဦးလျှင် ငွေကျပ် ၅၃၀၀၀/- စီ ကုန်ကျခဲ့ကြောင်း သိရသည်။ ၎င်းတို့ထဲတွင် ရိုဟင်ဂျာ ၄၈ ဦး၊ ဟိန္ဒူတစ်ဦးနှင့် ရခိုင်လူမျိုးတစ်ဦး ပါဝင်သည်။ 

"စည်းကမ်းမလိုက်နာဘူးဆိုရင် ကျောသားရင်သားမခွဲခြားဖို့ လိုပါတယ်။ တဖက်သတ် ပစ်မှတ်ထားပြီး အရေးယူနေတော့ Covid-19 ကို အကြောင်းပြပြီး နှိပ်ကွပ်နေတာ သိသာနေတယ်။ ရောဂါကာကွယ်ရေးကို အကြောင်းပြပြီး ရိုဟင်ဂျာတွေ နေထိုင်ရခက်အောင် လုပ်နေတာသာ ဖြစ်တယ်" ဟု မြို့ခံတစ်ဦးက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ