Covid-19 ကြောင့် ကန့်သတ်မှုများအကြား မောင်တောမှ ရိုဟင်ဂျာများ စားဝတ်နေရေးကျပ်တည်းနေ
မျိုးသူရ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် Covid-19 ရောဂါကူးစက်ခံရသူ အနည်းငယ်ရှိနေသောကြောင့် လုပ်ငန်းအများစု ပိတ်ထားရသည်။ အလုပ်လက်မဲ့ ဖြစ်နေသည့် ဒေသခံအများစုမှာ စားဝတ်နေရေးကျပ်တည်းမှု ရင်ဆိုင်နေရသည့်အပြင် အငတ်ဘေးပင် ကြုံတွေ့နိုင်ရဖွယ်ရှိသည်ဟု ဆိုသည်။ 

မောင်တောမြို့နယ်တွင် Covid-19 ရောဂါကူးစက်ခံရသည့် လူနာများတွေ့ရှိခဲ့သဖြင့် ဈေး၊ ဆိုင်များကို နေ့လည် တစ်နာရီထိ ဖွင့်ခွင့်ပြုခဲ့သော်လည်း အောက်တိုဘာလ (၇) ရက်နေ့မှစ၍ ဆေးဆိုင်၊ စားကုန်ဆိုင်၊ မုန့်ဆိုင်၊ ဆေးပေးခန်းနှင့် သားငါးဈေးမှအပ ကျန်ဆိုင်များအားလုံးကို ပိတ်ထားခဲ့ရသည်။ 

ဖွင့်ခွင့်ပေးထားသည့် ဆိုင်များကို နေ့လည်တစ်နာရီသာ ဖွင့်ခွင့်ပေးပြီး၊ ဒေသခံများကိုလည်း နေ့လည် တစ်နာရီထိသာ အပြင်ထွက်ခွင့်ပြုထားသည်။ ပိတ်ထားရသည့် ဆိုင်များကို အမှီသဟဲပြု၍ လုပ်ကိုင်စားသောက်နေရသူများ အလုပ်လက်မဲ့ ဖြစ်သွားကြပြီး မောင်တောမြို့ပေါ်ရှိ လူဦးရေ၏ ၇၀% ခန့် အလုပ်လက်မဲ့ဖြစ်နေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

ထို့အပြင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ လုပ်ငန်းများကို မှီခိုလုပ်ကိုင်စားသောက်နေသည့် စက်လှေသမားများ၊ စက်လှေပိုင်ရှင်များနှင့် ကုန်တင်ကုန်ချ အလုပ်သမားများလည်း စခန်းပိတ်ထားသည်မှာ (၃) လ ကျော်ပင်ရှိနေပြီ ဖြစ်သောကြောင့် စားဝတ်နေရေး အလွန်ကျပ်တည်းနေသည်ဟု သိရသည်။ 

အမှတ် (၁) ရပ်ကွက်မှ စက်လှေပိုင်ရှင်တစ်ဦးက "စခန်းပိတ်ထားတာ ၃ လကျော်ပြီ၊ ငွေပိုငွေလျှံလေးရှိတာနဲ့ နှစ်လလောက် စားသောက်နိုင်ခဲ့တယ်။ အခုတော့ တော်တော်ကို ရုန်းကန်နေရတယ်။ ထမင်းကို တစ်နေ့နှစ်ကြိမ် မစားနိုင်တဲ့နေ့တွေလည်း ရှိနေပြီ။ ရှေ့ဆက် ဘယ်လိုလုပ်ရမလဲဆိုတာ မစဉ်းစားတတ်တော့ဘူး" ဟု ဝမ်းနည်းပူဆွေးစွာဖြင့် ပြောသည်။ 

မောင်တောမြို့နယ်တွင် ယခင်က ဆန်တစ်အိတ် ဈေးနှုန်း ငွေကျပ် ၂၃၀၀၀/- ရှိခဲ့သော်လည်း ယခုအခါ ဆန်တစ်အိတ်ဈေးနှုန်း ငွေကျပ် ၂၉၀၀၀၀/-၊ ကြက်သွန်နီ တစ်ပိဿာ ငွေကျပ် ၁၀၀၀/- ရှိခဲ့သော်လည်း ယခုအခါ ငွေကျပ် ၁၅၀၀/- ဈေးရှိနေပြီ၊ အခြားသော စားကုန်ပစ္စည်းများအားလုံး ၃၀% ခန့် ဈေးနှုန်းမြင့်တက်သွားသည်ဟု ဒေသခံများက ဆိုကြသည်။ 

ဆန်နှင့် စားကုန်ပစ္စည်းများသည် စစ်တွေမှ ဘူးသီးတောင်သို့ ရေလမ်းကြောင်းဖြင့် သယ်ဆောင်ရာတွင် မြန်မာရေတပ်က ဟန့်တားနေသောကြောင့် ကုန်စည်စီးဆင်းမှု လျော့နည်းလာသည့်အတွက် ကုန်ဈေးနှုန်းမြင့်တက်ရခြင်း ဖြစ်သည်ဟု ဆန်ကုန်သည်များထံမှ သိရှိရသည်။ အလားတူ မီးသွေးတစ်အိတ်ကို ယခင်က ငွေကျပ် ၄၅၀၀/- ပေးခဲ့ရသော်လည်း ယခုအခါ ငွေကျပ် ၉၀၀၀/- ထိ ဈေးနှုန်းမြင့်တက်သွားသည်။ ထိုကဲ့သို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဘူးသီးတောင်မှ မောင်တောမြို့သို့ သယ်ဆောင်လာရာ လမ်းရှိ ၄ မိုင်မှ သစ်တောအရာရှိများက သိမ်းယူခြင်း၊ ဟန့်တားခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ဖြစ်သည်။ 

မောင်တောမြို့တွင် ယခင်ကတည်းက စီးပွားရေးကျဆင်းနေခဲ့ပြီ၊ ယခု Covid-19 ကာလတွင် အသေးစားလုပ်ငန်းများ၊ ဆိုင်အရောင်းအဝယ် လုပ်ငန်းများ ပိတ်ထားရခြင်းကြောင့် အငတ်ဘေးနှင့် ရင်ဆိုင်ရမည့်အနေအထားရှိနေသည်။ 

မောင်တောမြို့၏ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာများတွင် ICRC နှင့် WFP တို့က စားနပ်ရိက္ခာများ ထောက်ပံ့မှုများ ရှိခဲ့သော်လည်း မြို့ပေါ်ရှိ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ၅၊ မြို့မကညင်တန်းကျေးရွာ၊ ရွှေဇားကျေးရွာနှင့် မြို့ဦးကျေးရွာများတွင် မည်သည့် အဖွဲ့အစည်းကမှ ထောက်ပံ့ပေးခဲ့ခြင်း မရှိခဲ့ပေ။ 

အမှတ် (၄) ရပ်ကွက်နှင့် ကျေးရွာများရှိ ရိုဟင်ဂျာအများအပြားသည် စားဝတ်နေရေး ကျပ်တည်းမှုကို ရင်ဆိုင်နေရပြီး၊ မကြာခင် အငတ်ဘေးနှင့်ပါ ရင်ဆိုင်နိုင်ရကြောင်း၊ နိုင်ငံတော်မှ အထောက်အပံ့များ စီစဉ်ပေးရန် အရေးတကြီးလိုအပ်ကြောင်း ဒေသခံများက ပြောသည်။ 

မောင်တောမြို့မှ တက်ကြွလှုပ်ရှားသူတစ်ဦးက "ရန်ကုန်မှာလည်း လူတွေရောဂါကူးစက်ခံနေရတယ်။ ဒါပေမယ့် လူတွေမှာ လုပ်ကိုင်စားသောက်၊ သွားလာလှုပ်ရှားခွင့် ရှိနေတယ်။ ကျွန်တော်တို့ဆီမှာ ရောဂါကူးစက်သူနည်းတယ်။ ဘူးသီးတောင်မှာဆိုရင် ဆိုင်တွေအားလုံး တစ်နာရီထိ ဖွင့်ခွင့်ပေးထားတယ်။ မောင်တောခရိုင်မှာ ဥပဒေနှစ်မျိုး ဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ Covid-19 ကို အကြောင်းပြပြီး တမင်နှိပ်ကွပ်နေတယ်လို့မြင်တယ်။ လူတွေ လုပ်ကိုင်စားသောက်နိုင်အောင် ကန့်သတ်မှုတွေကို ဖြေလျော့ပေးပါလို့ တောင်းဆိုပါတယ်" ဟု ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ