ဘူးသီးတောင်မြို့နယ် စည်ပင်ကော်မတီက ရိုဟင်ဂျာများကို နေအိမ်ဆောက်လုပ်ခွင့် မပေးသည့်အပြင် တရားစွဲဆိုမည်ဟု ခြိမ်းခြောက်နေ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ နေအိမ်/အဆောက်အအုံ ဆောက်လုပ်ရန် လျှောက်ထားသူများကို လူမျိုးဘာသာခွဲခြား၍ ခွင့်ပြုချက် ထုတ်မပေးသည့်အပြင် နှုတ်မိန့်ဖြင့် ဆောက်လုပ်နေသူအချို့ကို တရားစွဲဆိုရန် မြို့နယ်တရားရုံးမှ ဆင့်ခေါ်စာ ပေးပို့ထားသည်။ 

မောင်တောခရိုင်တွင် နေအိမ်၊ အဆောက်အအုံ ဆောက်လုပ်လိုလျှင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ ထောက်ခံချက်၊ မြေစာရင်းရုံးမှ ပုံစံ ၁၀၅/၁၀၆၊ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးမှ ထောက်ခံချက်၊ မြေခွန်ပြေစာ၊ လျှောက်ထားသူ၏ အိမ်ထောင်စုစာရင်း မိတ္တူ၊ မှတ်ပုံတင်ကဒ်မိတ္တူ (နိုင်ငံသားကဒ်၊ ပြုနိုင်ငံသားကဒ်၊ NVC၊ ယာယီသက်သေခံကတ်ပြား ပြန်လည်အပ်နှံထားသည့် ပြေစာ တစ်ခုခု) စသည်တို့ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာ AD ထံလျှောက်ထားရသည်။ အင်ဂျင်နီယာ AD က စီစစ်ပြီး မှတ်ချက်ပေးကာ မြို့နယ်စည်ပင်ကော်မတီသို့ တင်ပြသည်။ အင်ဂျင်နီယာ AD က တင်ပြသည်ကို မြို့နယ်စည်ပင်ကော်မတီက စီစစ်ပြီး နေအိမ်/အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုစာ ထုတ်ပေးသည်။ 

အင်ဂျင်နီယာ AD က စီစစ်မှတ်ချက်ပေးသည့်နေ့တွင် မကြာမီ ခွင့်ပြုမိန့်စာထွက်လာလိမ့်မည်ဟု ဆိုကာ နေအိမ်/အဆောက်အအုံ စတင်ဆောက်လုပ်နိုင်သည်ဟု နှုတ်မိန့်ပေးလေ့ရှိပြီး၊ လျှောက်ထားသူများက နေအိမ်/အဆောက်အအုံ စတင်ဆောက်လုပ်လေ့ရှိသည်။ အင်ဂျင်နီယာ AD က မှတ်ချက်ပေးပြီး ၁၅ ရက်မှ တစ်လအတွင်း တရားဝင်ခွင့်ပြုစာ ထွက်လာလေ့ရှိသည်။  

၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ဘူးသီးတောင်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်များမှ ဆောက်လုပ်ခွင့် လျှောက်ထားသူများကို အင်ဂျင်နီယာ AD က နေအိမ်/အဆောက်အအုံ ဆောက်လုပ်ရန် နှုတ်မိန့်ဖြင့် ခွင့်ပြုချက်ပေးပြီး လျှောက်လွှာကို မြို့နယ်စည်ပင်ကော်မတီသို့ တင်ပြပေးခဲ့သည်။ လျှောက်ထားသူများက AD ၏ နှုတ်မိန့်ရထားသဖြင့် နေအိမ်/အဆောက်အအုံများကို စတင်ဆောက်လုပ်လျက်ရှိသည်။ 

သို့သော်လည်း မြို့နယ်စည်ပင်ကော်မတီက ရိုဟင်ဂျာများကို ဆောက်လုပ်ခွင့် တရားဝင်ထုတ်မပေးသည့်အပြင် နေအိမ်/အဆောက်အအုံများကို ဆက်လက် မဆောက်လုပ်ရန် စက်တင်ဘာလ လဆန်းပိုင်းတွင် တားမြစ်စာ ထုတ်ပြန်ခဲ့သည်။ ထိုတားမြစ်စာတွင် ခွင့်ပြုချက်မရဘဲ နေအိမ်/အဆောက်အအုံများ ဆက်လက်မဆောက်လုပ်ရန်၊ နိုင်ငံသားမဟုတ်သူများကို ဆောက်လုပ်ခွင့် ထုတ်ပေးခွင့် မရှိကြောင်းနှင့် ခွင့်ပြုချက်မရဘဲ ဆောက်လုပ်သူများကို စည်ပင်ဥပဒေအရ အရေးယူမည်ဟု ရေးသားထားသည်။ တားမြစ်စာကို သုံးကြိမ်တိတိ ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ ထို့အပြင် ဆောက်လုပ်နေသူများကို စည်ပင်ဥပဒေအရ အမှုဖွင့် တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်ပြောဆိုနေသည်များလည်း ရှိသည်ဟု ဒေသခံများက ဆိုကြသည်။ 

ထိုကဲ့သို့ ခြိမ်းခြောက်မှုများကြောင့် ဆောက်လုပ်ခွင့်လျှောက်ထားပြီး AD ၏ နှုတ်မိန့်ဖြင့် နေအိမ်/အဆောက်အအုံများ ဆောက်လုပ်နေသူများသည် တစ်ပိုင်းတစ်စတွင် ရပ်ဆိုင်းထားရသည်။ 

ဗုဒ္ဓဘာသာဝင်ဖြစ်ပါက ဆောက်လုပ်ခွင့် ထုတ်ပေးပြီး၊ ဆောက်လုပ်ခွင့် မယူဘဲ ဆောက်လုပ်နေသူများကို တားမြစ်ခြင်း၊ အရေးယူခြင်းပင် မပြုလုပ်ဟု ဒေသခံများက ပြောသည်။ 

ဦးဇော်ဝင်း (စည်ပင်ကော်မတီ ဥက္ကဌ)၊ ဦးအောင်အောင် (ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ၊ စည်ပင်ကော်မတီအဖွဲ့ဝင်)၊ ဦးမောင်သန်းရွှေ (စည်ပင်ကော်မတီအဖွဲ့ဝင်)၊ ဦးလှရွှေ (ဘူးသီးတောင်မြို့နယ် ဒု-အုပ်ချုပ်ရေးမှူး၊ စည်ပင်ကော်မတီအဖွဲ့ဝင်)၊ နှင့် ဦးခင်မောင်ဇံ (စည်ပင် AD) တို့က ရိုဟင်ဂျာများကို လူမျိုးဘာသာခွဲခြား၍ ဆောက်လုပ်ခွင့် ထုတ်မပေးခြင်း ဖြစ်သည်ဟု သိရသည်။ 

အခြားမြို့နယ်များတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ဆောက်လုပ်ခွင့် ရယူနိုင်သည်။ ဘူးသီးတောင်မြို့နယ်တွင် ယခင်က အိမ်ထောင်စုလူဦးရေစာရင်း၊ ယာယီသက်သေခံကတ်ပြားများဖြင့် ဆောက်လုပ်ခွင့်ပေးခဲ့သည်။ ယခုအခါ ဦးဇော်ဝင်း၊ ဦးအောင်အောင်နှင့် ဦးမောင်သန်းရွှေတို့ သုံးဦးက ရိုဟင်ဂျာများကို လူမျိုးဘာသာခွဲခြား၍ ဒုက္ခပေးနေခြင်းသာ ဖြစ်သည်။ ၎င်းတို့ သုံးဦးက ရိုဟင်ဂျာများကို တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်သည့် စော်ကားပြောဆိုခြင်းများ ပြုလုပ်လျက်ရှိသည်။ ထို့အပြင် အောက်တိုဘာလ (၂၆) ရက်နေ့ နေအိမ်ဆောက်လုပ်နေသူအချို့ကို ဘူးသီးတောင်မြို့နယ်တရားရုံးမှ ဆင့်ခေါ်စာများ ပေးပို့ထားကြောင်း သိရှိရသည်။
 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ