မောင်တော ငါးခူရနယ်မြေမှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်
အေးဇော် Rohingya Today


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ နယ်မြေ (၅) အပိုင် ရေခပ်ချောင်းခွဆုံကျေးရွာမှ အုပ်ချုပ်ရေးမှူးကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က စစ်ဆေးရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးပြီးနောက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ ငါးခူရနယ်မြေ (နယ်မြေ ၅) အပိုင်ရှိ ရေခပ်ချောင်းခွဆုံကျေးရွာမှ အုပ်ချုပ်ရေးမှူးကို ဦးဆီရာဇုလ်အစ္စလာမ် (အသက် ၅၀ နှစ်ခန့်) ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူး၊ စစ်တပ်မှ တပ်ရင်းမှူးတို့၏ အမိန့်အရဟုဆိုကာ အောက်တိုဘာလ ပထမပတ်တွင် ဖမ်းဆီးခဲ့သည်။  

လွန်ခဲ့သည့် စက်တင်ဘာလ (၅) ရက်နေ့တွင် သရက်အုပ်ကင်းစခန်းမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှစ်ဦး ပျောက်ဆုံးခဲ့ပြီး၊ စက်တင်ဘာလ (၇) ရက်နေ့တွင် ရွက်ညိုတောင်ကျေးရွာရှိ ရခိုင်လူမျိုးတစ်ဦးပိုင်ဆိုင်သည့် ပုဇွန်ကန်ဟောင်းတွင် ပျောက်ဆုံးနေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှစ်ဦးမှ တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့သည်။ ကျန်သည့် တစ်ဦးနှင့် ပတ်သက်၍ သတင်းအစအနပင် မရရှိသေးကြောင်း သိရှိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆီရာဇုလ်အစ္စလာမ်ကို ဖမ်းဆီးပြီးနောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှစ်ဦးကို ARSA အဖွဲ့က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ARSA အဖွဲ့ ဦးဆီရာဇုလ်အစ္စလာမ်ပါ ပါဝင်ကြောင်း စွပ်စွဲပြီး၊ 'ကျန်တဲ့အလောင်းကို ဘယ်မှာ မြှုပ်ထားလဲ' ဟုမေးမြန်း၍ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ဦးဆီရာဇုလ်အစ္စလာမ်၏ မိသားစုကိုပါ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးသို့ ခေါ်ယူစစ်ဆေးပြီး၊ သားဖြစ်သူကို ချုပ်နှောင်ထားကာ ဇနီးနှင့် ကျန်သည့် ကလေးများကို ပြန်လည်လွှတ်ပေးခဲ့သည်။

ဦးဆီရာဇုလ်အစ္စလာမ်ကို နေ့စဉ်ရက်ဆက် ညှဉ်းပန်းနှိပ်စက်သည့်ဒဏ်ကို မခံနိုင်တော့၍ ကျန်သည့်အလောင်းကို ရေခပ်ချောင်းခွဆုံကျေးရွာရှိ သင်္ချိုင်းတွင် မြှုပ်နှံထားသည်ဟု စက်တင်ဘာလ (၁၂) ရက်နေ့ ညပိုင်းတွင် မှားယွင်းစွာထွက်ဆိုခဲ့သည်။ စက်တင်ဘာလ (၁၃) ရက်နေ့ နေ့လည်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူး၊ စစ်တပ် တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများသည် ရေခပ်ချောင်းခွဆုံကျေးရွာနှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများမှ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ရေခပ်ချောင်းခွဆုံကျေးရွာမှ သင်္ချိုင်းသို့သွားရောက်၍ အသေးစိတ်ရှာဖွေခဲ့သော်လည်း အစအနပင် မတွေ့ရှိခဲ့သောကြောင့် ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဦးဆီရာဇုလ်အစ္စလာမ်သည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပျောက်ဆုံးပြီးနောက် တစ်ဦး၏ အလောင်းရှာတွေ့မှုနှင့် ပတ်သက်နေသူမဟုတ်သော်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ စစ်တပ်တို့က ဆက်လက် ညှဉ်းပန်းနှိပ်စက်ခဲ့ရာ အောက်တိုဘာလ (၁၆) ရက်နေ့ညပိုင်းတွင် သေဆုံးသွားခဲ့သည်။ 

အောက်တိုဘာလ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် ဦးဆီရာဇုလ်အစ္စလာမ်၏ ရုပ်အလောင်းကို မောင်တောမြို့နယ် ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးသူ၏ ဇနီးနှင့် ကျားခေါင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို ဆေးရုံသို့ ဆင့်ခေါ်၍ အလောင်းကို အပ်နှံခဲ့သည်။ 

စက်တင်ဘာလ (၆) ရက်နေ့တွင် စက်တင်ဘာလ (၅) ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပျောက်ဆုံးနေကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပြီးနောက် စက်တင်ဘာလ (၇) ရက်နေ့တွင် သရက်အုပ်ကျေးရွာကို ဝန်းရံပြီး သရက်အုပ်ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်နေသည့် ရေခပ်ချောင်းခွဆုံကျေးရွာ တာဝန်ခံ ဦးအုစ်မာန်နှင့် ၎င်း၏ မိတ်ဆွေ ဦးဇူဘိုင်ရ် တို့ကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့နှစ်ဦးကို ငါးခူရ နယ်မြေတွင် ချုပ်နှောင်ထားပြီး စစ်ဆေးခဲ့သည်။ နှစ်ဦးစလုံးသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှစ်ဦး ပျောက်ဆုံးမှုနှင့် ပတ်သက်နေခြင်း တစ်စုံတစ်ရာမရှိသောကြောင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။ 

ဦးဆီရာဇုလ်အစ္စလာမ်ကို သတ်ဖြတ်ပြီးနောက် ကျေးရွာတာဝန်ခံ ဦးအုစ်မာန်နှင့် ဦးဇူဘိုင်ရ်တို့ကို ပြန်လည်ဖမ်းဆီးရန် ရှာဖွေနေသည်ဟု သိရှိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ