ဘူးသီးတောင်၌ မြန်မာစစ်တပ်နှင့် AA တို့ကြား တိုက်ပွဲတွင် ရိုဟင်ဂျာနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စံညင်းဝေကျေးရွာအုပ်စုတွင် အောက်တိုဘာလ (၅) ရက်နေ့က ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်နှင့် AA တို့ကြား တိုက်ပွဲတွင် ရိုဟင်ဂျာနှစ်ဦး သေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့သည်။ 

အောက်တိုဘာလ (၅) ရက်နေ့ ညနေ ၅ နာရီခန့်၌ ဘူးသီးတောင်မြို့နယ်၊ စံညင်းဝေကျေးရွာအုပ်စု၏ အရှေ့ဘက်၊ တပ်ရင်း (၅၆၅) ၏ မြောက်ဘက်တစ်မိုင်ခန့်အကွာရှိ တောင်တန်းတွင် မြန်မာစစ်တပ်နှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် မနီးမဝေးတွင် နွားကျောင်းနေသည့် စံညင်းဝေကျေးရွာအုပ်စု လာမ်ဘာဘိလ်ရွာမှ ရိုဟင်ဂျာ (၉) ဦးကို မြန်မာစစ်တပ်မှ စစ်သားများက အကာအကွယ်ယူ၍ AA တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့သည်။

မိနစ် ၃၀ ခန့် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားစဉ် အသက် (၂၀) နှစ်အရွယ် ဟာလာမျာ (ခ) ဆော်ယီဒုလ်အစ္စလာမ် (ဘ) ဦးဟာဘဲစ်အာဘုလ်ဖော်ယာစ်၏ ရင်ဘတ်နှင့် ခြေထောက်တို့တွင် ကျည်ဆံနှစ်ချက် ထိမှန်ခဲ့ပြီး၊ ၎င်းကို စစ်သားများက တပ်ရင်းသို့ သယ်ဆောင်လာပြီး ညနေ ၆ နာရီတွင် မိသားစုများထံ ပြန်လည် အပ်နှံခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ မိသားစုဝင်များက ဘူးသီးတောင်ဆေးရုံသို့ ချက်ချင်းခေါ်ဆောင်သွားပြီး ဆေးကုသမှုခံယူလျက်ရှိသော်လည်း အသက်အန္တရာယ်ရှိနေသည်ဟု သိရသည်။ 

တိုက်ပွဲပြီးဆုံးပြီးနောက် နွားကျောင်းနေသည့် ရိုဟင်ဂျာ (၆) ဦး ပြန်လည်ရောက်ရှိလာခဲ့သော်လည်း အာနိုဝါရ်ဟူဆောင်း (ဘ) ဦးဟာလူ (အသက် ၁၇ နှစ်) နှင့် အာယာတူလ္လာ (ဘ) ဦးနုရ်အစ္စလာမ် (အသက် ၁၄ နှစ်) တို့ ပြန်လည် ရောက်ရှိမလာဘဲ ပျောက်ဆုံးနေခဲ့သည်။ 

၎င်းတို့နှစ်ဦးကို ယနေ့ အောက်တိုဘာလ (၆) ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ ရုပ်အလောင်းများကို နေအိမ်များသို့ သယ်ဆောင်လာပြီး မြေမြှုပ်သဂြိုဟ်ရန် စီစဉ်နေကြောင်း သိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ