ဘူးသီးတောင်၌ ရိုဟင်ဂျာတစ်ဦး မိုင်းဗုံးထိပြီး ခြေထောက်တစ်ဖက် ပြတ်သွား
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖိုးခေါင်ချောင်းကျေးရွာမှ ရိုဟင်ဂျာတစ်ဦးသည် တောတောင်ထဲ၌ ထင်းခုတ်နေစဉ် မိုင်းဗုံးထိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ခြေထောက်တစ်ဖက် ပြတ်သွားသည်။

စက်တင်ဘာလ (၂) ရက်နေ့ နံနက် အစောပိုင်းတွင် ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ကံဒါးကျေးရွာမှ ဆင်းရဲနွမ်းပါးသူတစ်စုသည် စိမ့်ညှင်းပြာကျေးရွာ၏ အနောက်ဘက်ရှိ တောင်ပေါ်သို့ သွားရောက်၍ တောင်ကုန်းပေါ်ရှိ မြန်မာစစ်တပ်၏ စခန်းနှင့် တစ်မိုင်ခန့်အကွာတွင် ထင်းခုတ်နေစဉ် မိုင်းဗုံးတစ်လုံးပေါက်ကွဲပြီး ထင်းခုတ်နေသူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ခန္ဓာကိုယ်နှင့် ခြေထောက်တစ်ဖက်တွင် ဒဏ်ရာရရှိသည့်အပြင် အခြားခြေထောက်တစ်ဖက် ပြတ်သွားသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဒဏ်ရာရှရိပြီး ခြေထောက်ပြတ်သွားသူမှာ ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ကံဒါးရွာမှ ဇာဟိတ်ဟူစိန်း (ဘ) ဦးအစ္စမိုင်လ် (အသက် ၂၃ နှစ်) ဖြစ်သည်။ ၎င်းနှင့်အတူ ရှိနေသည့် ထင်းခုတ်သမားများက စိမ့်ညှင်းပြာကျေးရွာသို့ သယ်ဆောင်လာပြီး ထိုမှတဆင့် စက်လှေဖြင့် နေအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ 

စိမ့်ညှင်းပြာကျေးရွာ၏ အနောက်ဘက်ရှိ တောင်ကုန်းပေါ်မှ မြန်မာစစ်တပ်စခန်းကို ၂၀၁၇ သြဂုတ်လနောက်ပိုင်းတွင် ရွာနှင့် နေအိမ်များ မီးရှို့ခံရမှုကြောင့် တောင်ကျော်ပြီး မောင်တောမြို့နယ်မှတဆင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသော ရိုဟင်ဂျာများကို တားဆီးနှိမ်နင်းရန် ချထားခဲ့သည့် စခန်းဖြစ်သည်။ ယင်းစခန်းကို အင်အားတိုးချဲ့ပြီး ဆက်လက်ထားရှိခဲ့ခြင်း ဖြစ်သည်။ ယခုအခါ AA က ဘူးသီးတောင်မြို့နယ် နယ်ပိုင်းရှိ မြန်မာစစ်တပ်စခန်းများကို တိုက်ခိုက်နေခြင်းကြောင့် အဆိုပါစခန်းကို လွန်ခဲ့သည့် သြဂုတ်လ လဆန်းပိုင်းက ပြန်လည် ရုတ်သိမ်းသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ စက်တင်ဘာလ (၂) ရက်နေ့က ပေါက်ကွဲသည့် မိုင်းဗုံးသည် စခန်းရုတ်သိမ်းစဉ် ထောင်ထားခဲ့သည့် မိုင်းဗုံးဖြစ်နိုင်သည်ဟု ယူဆနေကြသော်လည်း အတိအကျပြောရန် ခက်သည်ဟု ဒေသခံများက ဆိုကြသည်။ 

စက်တင်ဘာလ (၂) ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ကျောက်တော်မြို့နယ်၌ AA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ ပစ်ခတ်နေစဉ် ကုလားတန်မြစ်ရှိ ရေတပ်စခန်းမှ ပစ်ခတ်သော လက်နက်ကြီး ကျည်ဆံများသည် ဂူဖီးတောင် ရိုဟင်ဂျာကျေးရွာသို့ ကျရောက်ပြီး ကလေးငယ်တစ်ဦးအပါအဝင် ရိုဟင်ဂျာ (၃) ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ကျောက်တော်ဆေးရုံတွင် ရိုဟင်ဂျာများ ဆေးကုခွင့်မရှိသောကြောင့် ကျန်းမာရေးလုပ်သားများက ဆေးကုသပေးနေကြောင်း သိရှိရသည်။ ယင်းနေ့ညတွင် နွား (၃) ကောင် ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့သည်ဟု ကျောက်တော်မြို့မှ ဒေသခံများက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ