အင်တာနက်၊ စာအုပ်စာပေ အလေ့အကျင့်များနှင့် ယခုခေတ် တို့လူငယ်များ
အမ်၊ အက်စ် အဏ္ဏဝါ Rohingya Today
Art: br.de

ယခုခေတ်သည် အင်တာနက်ခေတ်၊ ICT (Information and Communication) နည်းပညာ ခေတ်ဖြစ်သောကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် information သတင်းအချက်အလက်များကို အလွယ်တကူရရှိ ဖတ်ရှုသိရှိနိုင်ပါသည်။ ကမ္ဘာအနှံ့တွင် ဖြစ်ပျက်နေသည့်အကြောင်းအရာများ၊ ရေးသားနေသည်များ၊ ဖတ်ရှုနေသည်များကို ချက်ချင်းဆိုသလို သိနိုင်သည်။ နည်းပညာအဆင့်မြင့် စမတ်ဖုန်းများ ပေါ်လာသည့်အမျှ စမတ်ဖုန်းများအပေါ် စွဲလမ်းမှုများ မည်သည့်အတိုင်းအတာထိ ဖြစ်နေသည်ဆိုသည်ကို Elon Mask တစ်ခါက ပြောခဲ့သည့် စမတ်ဖုန်းနှင့် အခြား gadgets များကြောင့် လူသားများ အမှန်တကယ် စက်တစ်ပိုင်းလူသားများ cyborgs များပင် ဖြစ်လာကြကုန်သည်။

လက်တွေ့တွင် အင်တာနက်၊ အခြား နည်းပညာများကြောင့် အကျိုးအမြတ် အများအပြားရရှိသော်လည်း ၎င်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို မည်သူမျှ သတိပြုထားဟန် မရှိပေ။ အင်တာနက်ပေါ်တွင် မှန်ကန်သော သတင်းအချက်အလက်များ ရရှိသလို သတင်းအမှားများ အယူအဆ အမှားများကိုလည်း အမှန်တရားလိုလို ဖြန့်နေကြသည်ကိုလည်း အများအပြားတွေ့ရှိရသည်။ ဤကဲ့သို့ သတင်းမှားများကို ခွဲခြားနားမလည်နိုင်သည့် လူငယ်များသည် သတင်းအမှားများ၊ အယူအဆအမှားများ၏ သားကောင်များ ဖြစ်ကုန်ကြသည်။ ဂိမ်းဆော့၍ အချိန်ဖြုန်းချင်သူနေသူများ၊ ဗီဒီယို ရုပ်ရှင်ကြည့်၍ အချိန်ဖြုန်းနေချင်သူများ၊ social media ပေါ်တွင် အချိန်ဖြုန်းချင်နေသူများ စသည့်နည်းလမ်းပေါင်းများစွာဖြင့် အချိန်ဖြုန်းနေကြသည့် လူငယ်များ များပြားနေသည်။ 

အင်တာနက်နှင့် ဆိုရှယ်မီဒီယာကြောင့် စာအုပ်စာပေ ဖတ်ရှုလေ့လာသည့် လူငယ်များ မရှိသလောက် နည်းပါးသွားသည်။ ဖတ်ရှုလေ့လာမှုများ ရှိနေသော်လည်း အများအားဖြင့် အခြားသူများရေးသားသည့် သတင်းဆောင်းပါးများလောက်သာ ဖတ်ရှုကြသည်။ သတင်းစာများ၊ အင်တာနက်ပေါ်တွင် ဖတ်ရှုနိုင်သည့် ဆောင်းပါးများသည် တစ်ခါတစ်ရံ ကိုယ်ပိုင်အမြင်ရေးသားမှုများရှိပြီး၊ အခြားသုံးသပ်ချက် ဆောင်းပါးများဖြစ်သော်လည်း စနစ်တကျ ပြီးပြည့်စုံခြင်း မရှိပေ။ ဆောင်းပါး အများစုမှာ လိုရင်းနှင့် တိုတို အကျဉ်းချုပ်ရေးရသောကြောင့် ပြီးပြည့်စုံခြင်း မရှိခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ဆောင်းပါးများကို မှီခိုပြီး အသိပညာတိုးပွားရန် ကြိုးစားနေသည့် လူငယ်များလည်း အသိပညာ အတတ်ပညာ ဆည်းပူးရချင်သလောက် ရနိုင်မည် မဟုတ်ပေ။

စာရေးသူအနေဖြင့် အင်တာနက်နှင့် ICT ကိုဆန့်ကျင် ပြောဆိုနေခြင်း မဟုတ်ဘဲ ယင်းတို့ကြောင့် ယနေ့လူငယ်များ စာအုပ်စာပေ ဖတ်ရှုခြင်း အလေ့အကျင့် မရှိသလောက် နည်းပါးသွားခြင်းကို ထောက်ပြခြင်းသာ ဖြစ်သည်။ အင်တာနက်သည် ကိရိယာတန်ဆာပလာကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့ကို မှန်မှန်ကန်ကန် အသုံးချတတ်ရန် လိုအပ်ပေသည်။ အင်တာနက်ပေါ်တွင် စာအုပ်စာပေ အများအပြား ဝယ်ယူဖတ်ရှုရနိုင်သကဲ့သို့ အခမဲ့ဖတ်ရှုရယူနိုင်သည်များလည်း ရှိသည်။ 

စာအုပ်စာပေများ ရွေးချယ်ဖတ်ရှုရာတွင်လည်း အမှန်တရားကိုသာ ဖော်ပြသော အမှန်တကယ့်အကျိုးရှိမည် ဖြစ်သော စာအုပ်စာပေများ ဖတ်ရှုလေ့လာရန် လိုအပ်ပါသည်။ အထူးသဖြင့် ဒဿနိက အတွေးအခေါ် ဆိုင်ရာ စာအုပ်များ၊ သိပ္ပံဆိုင်ရာ စာအုပ်များ၊ သမိုင်းဆိုင်ရာ စာအုပ်ဒဿနိက အတွေးများ၊ အတ္တုပ္ပတ္တိများ၊ သက်ဆိုင်ရာ ဘာသာရေး စာအုပ်များ၊ နိုင်ငံရေး စီးပွားရေး ဆိုင်ရာ စသည့် စာအုပ်များကို ဖတ်ရှုလေ့လာရန် လိုအပ်ပေသည်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာပြည်တွင် အထင်သေးခံရသော အတွေးအခေါ် ပညာရပ်သည် လူ့သမိုင်းတွင် အရေးကြီးဆုံးသော ပညာရပ်ထဲမှ တစ်ခုအဖြစ် ရပ်တည်နေပါသည်။ လူသားများ မှန်မှန်ကန်ကန် ထိရောက်စွာ စဉ်းစားတွေးခေါ်မှ အခြား ပညာရေး နိုင်ငံရေး စီးပွားရေး သိပ္ပံပညာရေးတွေ ထွန်းကားလာမည် ဖြစ်သည်။

သို့ဖြစ်၍ မိမိတို့၏လူငယ်များကို အသိဉာဏ်တိုးပွားလာအောင်၊ အတတ်ပညာ တိုးမြှင့်လာအောင် စာအုပ်စာပေများများ ဖတ်ရှုကြရန် တိုက်တွန်းချင်ပါသည်။ အင်တာနက်ပေါ်တွင်သာ အချိန်သုံးဖြစ်နေလျှင် အွန်လိုင်း စာအုပ်စာပေများကို ဖတ်ရှုကြပါ။ ဂိမ်းဆော့ခြင်း၊ ဗီဒိယိုရုပ်ရှင်ကြည့်ခြင်း ဆိုရှယ်မီဒီယာပေါ် activity လုပ်ခြင်းများကို အပန်းဖြေခြင်း fun သဘောကဲ့သို့ သတ်မှတ်ပြီး လိုအပ်သော အချိန်တွင်သာ သုံးကြပါရန် အကြုံပြုချင်ပါသည်။ လူငယ်များ မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ်နိုင်မှ အသိပညာ အတတ်ပညာ ဗဟုသုတရှိမှ ကိုယ်တစ်မျိုးသားလုံးခံစားနေရသော လူမျိုးတုံးသတ်ဖြတ်မှုကြီးကို ရပ်တန့်အောင် လုပ်နိုင်မှာ ဖြစ်ပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ